တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဩဂုတ် ၂၀ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ထွန်းသစ်စမြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ပြုပြင် ပြောင်းလဲမှုများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ကျင်းပခဲ့သော ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့နှင့် စီးပွားရေးချဲ့ထွင်နိုင်မည့် နယ်ပယ်သစ်များ ပေါ်ထွက်လာသည်။
မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများအနက် စီးပွားရေးတိုးတက်မှု အမြင့်မားဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း၊ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ကုမ္ပဏီသစ်များ၊ ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတွင်ကျယ်လာသည်ကို တွေ့နိုင်ပါကြောင်း၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည်ကို ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ ရှိနေသည့်ကြားမှ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်သောကြောင့် စီးပွားရေးဘက်တွင် နှစ်စဉ် တိုးတက်လျက်ရှိသည့်အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသဖြင့် အာဆီယံနိုင်ငံ အဆင့်တွင် အမြင့်ဆုံး ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများအား သိရှိနိုင်ရန်နှင့် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ရည်ရွယ်၍ မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ပြုလုပ်နိုင်ခြင်း ကြောင့် စီးပွားရေး အခွင့်အလမ်းသစ်များ ထပ်မံပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၇၉၆ သန်းရှိသည်။ ယခုအခါ သီလဝါ အထူးစီးပွားရေးဇုန်တွင် ကုမ္ပဏီ ၁၀၈ ခုကျော် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ကုမ္ပဏီထက်ဝက်ကျော်မှာ ဂျပန်နိုင်ငံမှ ဖြစ်သည်။ ဂျပန်နိုင်ငံမှ Suzuki နှင့် Toyota ကားကုမ္ပဏီများအပြင် Yakult Probiotic drink နှင့် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည်။ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတွင် General Electric ၊ Chevsron နှင့် Ford ကုမ္ပဏီများသည် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု များဖြစ်ပြီး အမေရိကန်နိုင်ငံ Overseas Private Investment Corporation ၏ ApolloTowers ကုမ္ပဏီမှတစ်ဆင့် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၁၈၀ဝ ကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းသည် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အဆင်ပြေ လွယ်ကူချောမွေ့ စေရေးအတွက် ဖြေလျှော့မှုများ ပြုလုပ်ပေးခြင်း၊ အွန်လိုင်းဖြင့် ကုမ္ပဏီမှတ်ပုံတင်စနစ် မိတ်ဆက်ပေးခြင်းနှင့် စီမံကိန်းနှင့် မြေယာဘဏ် လုပ်ငန်းများအား ပြုပြင်ပြောင်းလဲပေးနိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၉ ခုနှစ် နှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
သို့ဖြစ်ရာ မြန်မာ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွင် အလားအလာကောင်းများ ရှိနေပြီဖြစ်ရာ တာဝန်ယူမှုရှိသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဖိတ်ခေါ်ပြီး ဝိုင်းဝန်းမြှင့်တင်ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။
(ကြေးမုံ)