လူငယ်တော်တော်များများကို အသားအရေလှချင်လားလို့ မေးလိုက်ရင် မလှချင်ဘူးလို့ ဖြေမယ့်သူရှိမယ် မထင်ပါဘူးနော်။ အသားအရေလှဖို့အတွက် အရေပြားအလှအပ ထိန်းသိမ်းတဲ့ပစ္စည်းတွေ၊ ဆပ်ပြာအကောင်းစားတွေ၊ နာမည်ကြီးတံဆိပ်တွေတော့ ဈေးကြီးပေးပြီး အသုံးပြုကြပေမယ့် တကယ်အရေးကြီးတဲ့ အိပ်ချိန်မှန်ဖို့ကိုတော့ လူတွေက မေ့တတ်ကြပါတယ်။ ဒီနေ့ဆောင်းပါးမှာ ဘာကြောင့်အိပ်ချိန် ပြည့်ဝမှုသည် အရေပြား အလှအပအတွက် အရေးကြီးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
အိပ်ရေးပျက်တာ များလာခြင်း
အလုပ်များလို့၊ ကျောင်းစာတွေ ပိနေလို့၊ ဖုန်းသုံးနေလို့၊ ရုပ်ရှင်လက်စမဖြတ်နိုင်လို့၊ စသဖြင့် အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင်နဲ့ လူငယ်တွေ အိပ်ရေးအပျက်ခံပြီး နေလာကြပါတယ်။ တစ်နေ့ကို ပုံမှန်အိပ်ချိန် အနည်းဆုံး ၇ နာရီမရတဲ့ အခါမှာ ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားတွေမှာ ဒီလိုပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သတိထားသင့်တယ်နော်။
၁။ မကောင်းတဲ့ ဟော်မုန်းဓာတ်တွေ များလာခြင်း
အိပ်ချိန်မပြည့်တဲ့အခါ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစော် ဟော်မုန်း (Cortisol Hormone) တွေကို ပိုပြီးထုတ်လွှတ်ပါတယ်။ ဦးနှောက်က စိတ်ဖိစီးမှုဖြစ်နေတယ်လို့ ခံစားသိရှိတဲ့အခါမှာ ခါတိုင်းထက် ပိုမိုအလုပ်လုပ်ရတော့ နောက်ဆက်တွဲအနေနဲ့ အရေပြားက ပင်ပန်းနွမ်းနယ်ပြီး မွဲခြောက်လာတာဖြစ်ပါတယ်။
၂။ အသားအရေကို ပြန်လည်ထိန်းသိမ်းပေးမယ့် အာဟာရဓာတ်တွေ နည်းသွားခြင်း
အိပ်နေတဲ့အချိန်မှာ မျက်နှာရဲ့ အောက်အလွှာမှာ ကော်လဂျင်ဆဲလ်တွေ အဆက်မပြတ် ထုတ်ပေးပြီး ပျက်စီးနေတဲ့ တချို့နေရာတွေကို ဖြည်းဖြည်းချင်း ကုစားပေးပါတယ်။ လူတစ်ယောက်က မအိပ်ဘဲနေလိုက်တဲ့အခါ အဲ့ဒီဟော်မုန်းတွေက ထွက်မလာတော့တာကြောင့် အသားအရေ ပြန်လည်ထိန်းသိမ်းဖို့ အာဟာရဓာတ်တွေ နည်းသွားပြီး ကျန်းမာစိုပြေတဲ့အသားအရေမျိုး မဟုတ်တော့ဘဲ တဖြည်းဖြည်း အရေးအကြောင်းတွေ ထင်လာမှာပါ။
၃။ နဂိုရှိနေတဲ့ အရေပြားပြဿနာတွေ ပိုဆိုးလာစေခြင်း
ကိုယ်က မျက်နှာအဆီပြန်လို့ ဝက်ခြံတွေခဏခဏ ပေါက်တတ်တယ်၊ ချွေးပေါက်ကလည်း ကျယ်တယ်၊ အသားခြောက်တဲ့ သူတွေဆိုရင်လည်း နှင်းခူ၊ ညှင်းတွေ ပေါက်လွယ်တယ်၊ တချို့ဆိုရင်လည်း အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာ၊ သုံးလိုက်တာနဲ့ ယားပြီး အင်ပျင်ထလာတာ အစရှိတဲ့ အရေပြား ကျန်းမာရေး ပြဿနာတွေဟာ အိပ်ချိန်နည်းလာတာနဲ့အမျှ အရင်ကထက် ပိုပိုဆိုးလာပြီး ကိုယ့်အသားအရေကို ပိုပြီးဒုက္ခဖြစ်စေနိုင်ပါတယ်။
၄။ ကြည်လင်ဝင်းပမှု မရှိတော့ခြင်း
ကလေးဘဝမှာ အသားလေးက ဝင်းပြီးကြည်နေသလောက် အသက်ကြီးလာတော့မှ ဘာလို့ ခြောက်ကပ်ကပ်နဲ့ ညိုမည်းလာတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ အိပ်ချိန်နည်းလာလို့ ဖြစ်တာပါ။ အပြည့်အဝ အနားယူအိပ်စက်မှု မရှိတဲ့အခါ အရေပြား ပျက်စီးနေရင်လည်း ပြန်မပြုပြင်ပေးနိုင်တော့သလို အသားအရောင်က မှိန်လာမယ်၊ အသားအရေကို ကာကွယ်ပေးမယ့် အလွှာတွေက တဖြည်းဖြည်း ပါးလာတဲ့အခါ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ပျက်စီးဖို့လည်း ပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။
၅။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာစေတယ်။
ဒါကတော့ အထူးတလည် ပြောစရာတောင် လိုမယ်မထင်ပါဘူး။ အိပ်ချိန်မပြည့်တဲ့အခါ အသားအရေ ပြုပြင်ထိန်းသိမ်းနိုင်စွမ်း နည်းသွားမယ်။ ဒီအခါ အရေပြားပေါ်မှာ ပျက်စီးနေတဲ့ ဆဲလ်အသေတွေ စုပုံလာပြီး အရေပြားပြဿနာတွေ ပိုဆိုးသွားသလို အရေးအကြောင်းတွေထင်ပြီး ကြည့်လာတာနဲ့ အိုမင်းရင့်ရော်နေသလို ဖြစ်မှာအသေအချာပါပဲ။
အလှကြိုက်တဲ့သူတွေလည်း အိပ်ချိန်နည်းတဲ့အခါ ဖြစ်လာနိုင်တဲ့ ကြောက်စရာဆိုးကျိုးတွေကို ခုလောက်ဆို သဘောပေါက်မယ် ထင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ စောစောပြန်အိပ်ဖို့နဲ့ တစ်နေ့တာ အိပ်ချိန် ၇ နာရီလောက်ကို ရအောင်အိပ်ဖို့ ခုကတည်းက အကျင့်ပြန်မွေးဖို့ တိုက်တွန်းပေးလိုက်ပါတယ်။
ရေးသားသူ-Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ-Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”