ကင်ဆာဆိုတာက ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာ ဖြစ်နိုင်တဲ့ ရောဂါတစ်ခုပေါ့။ ကုသပျောက်ကင်းဖို့ ခက်သလို အသက်အန္တရာယ်လည်း စိုးရိမ်ရနိုင်ပါတယ်။ ဒီလိုပါပဲ ခံတွင်းမှာလည်း ကင်ဆာဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ခံတွင်းထဲမှာဖြစ်တဲ့ ကင်ဆာတွေထဲက တစ်ခုဖြစ်တဲ့ လျှာကင်ဆာအကြောင်း ပြောပြပေးချင်ပါတယ်။ လျှာကင်ဆာက တကယ်ရောရှိလို့လားလို့ တွေးနေတယ်ဆိုရင် ဒီဆောင်းပါးလေးက သေသေချာချာ ရှင်းပြပေးနိုင်မှာပါ။


လျှာကင်ဆာ တကယ်ရှိလား……..


လျှာကင်ဆာဆိုတာက ခံတွင်းမှာဖြစ်တတ်တဲ့ ကင်ဆာတစ်မျိုးပေါ့။ ဆဲလ်တွေက ထိန်းချုပ်လို့မရတဲ့ အခြေအနေတစ်ခုအထိ ကွဲထွက်ရာကနေ အကျိတ်တွေဖြစ်လာတတ်တဲ့ ကင်ဆာတစ်မျိုးပါ။ ဒီကင်ဆာက လျှာအရှေ့ပိုင်း၊ လျှာအဖျားမှာဖြစ်တတ်သလို လျှာအနောက်ပိုင်း (လည်ချောင်းနဲ့ဆက်နေတဲ့နေရာ) မှာလည်း ဖြစ်နိုင်ပါတယ်။ လျှာအရှေ့ပိုင်းမှာ ကင်ဆာဖြစ်တဲ့အခါ စကားပြောရခက်ခဲပြီး လျှာအနောက်ပိုင်းမှာ လျှာကင်ဆာဖြစ်မယ်ဆိုရင် အစားအစာမျိုချရခက်ခဲနိုင်ပါတယ်။ လျှာကင်ဆာက ဖြစ်ခါစမှာ သတိပြုမိခဲကြပြီး လည်ချောင်းထဲက ပြန်ရည်ကျိတ်တွေဆီ ကင်ဆာဆဲလ်တွေ ကူးစက်လာချိန်မှ ကင်ဆာခံစားနေရပြီဆိုတာကို သိတတ်ကြပါတယ်။


လျှာကင်ဆာက လူကြီးတွေမှာပဲဖြစ်တာလား….


လျှာကင်ဆာက ကလေးတွေမှာဖြစ်ခဲပြီး အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ လျှာကင်ဆာက ဖြစ်ခဲတဲ့ ကင်ဆာတွေထဲက တစ်ခုပေါ့။ လျှာကင်ဆာဖြစ်ရင် ဘယ်လိုတွေခံစားရမလဲ…….လျှာကင်ဆာဖြစ်တဲ့အခါ အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။


•    လျှာနာမယ်

•    လျှာတဝိုက်မှာ နာကျင်မှုခံစားရနိုင်တယ်

•    စကားပြောရခက်မယ်

•    အစားမျိုချရခက်မယ်

•    နားအတွင်းကနာမယ်

•    တံတွေးတွေထွက်မယ်

•    လျှာထုတ်ပြရခက်မယ်

•    ခံတွင်းကအနံ့ဆိုးတွေဖြစ်မယ်

•    အသံပြောင်းလာမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။


ဘယ်သူတွေမှာ လျှာကင်ဆာပိုဖြစ်နိုင်လဲ……….


လျှာကင်ဆာမဖြစ်စေဖို့ ဒီအချက်တွေကိုရှောင်သင့်ပါတယ်။


•    ဆေးလိပ်သောက်တာ

•    ဆေးရွက်ကြီးဝါးတာ

•    အရက်သောက်တာ

•    ကွမ်းစားတာ

•    HPV (လိင်အင်္ဂါကြွက်နို့ရောဂါပိုး) ကူးစက်ခံရတာ

•    မျိုးရိုးရှိတာ

•    ကင်ဆာခံစားရဖူးတာ

•    စားသောက်မှုပုံစံမှားယွင်းနေတာ

•    ခံတွင်းကျန်းမာရေး ဂရုစိုက်မှုအားနည်းတာ

•    သွားကြိတ်တာ တွေကြောင့် လျှာကင်ဆာဖြစ်နိုင်ပါတယ်။


ဘယ်လိုသိနိုင်မလဲ….


လျှာကင်ဆာ ရှိ၊ မရှိ သိဖို့ ဆိုရင် ဆရာဝန်က ခံတွင်းကို အရင်ဆုံး စစ်ဆေးပါလိမ့်မယ်။ ပြီးရ်ငတော့ ခံစားရတဲ့ လက္ခဏာတွေနဲ့ပတ်သက်ပြီး မေးမြန်းပါလိမ့်မယ်။ X-rays ရိုက်တာ၊ CT Scan ရိုက်တာတွေလုပ်ပါလိမ့်မယ်။ တစ်ရှုးစယူပြီး စစ်ဆေးတာမျိုးလုပ်ပြီး ကင်ဆာအခြေအနေကို သုံးသပ်ရပါမယ်။


ဘယ်လိုကုသမလဲ…..


လျှာကင်ဆာကို ကုသဖို့အတွက်က


•    ကင်ဆာကျိတ်တွေကို ခွဲစိတ်ဖယ်ရှားမယ်

•    ဓာတ်ကင်မယ်

•    ဓာတုကုထုံးနဲ့ကုသမယ်

•    ကင်ဆာဆေးတွေပေးမယ် စတဲ့ကုထုံးတွေကို အသုံးပြုမှာဖြစ်ပါတယ်။ 

ရောဂါအခြေအနေကိုလိုက်ပြီး ကုထုံးက ကွာခြားနိုင်ပါတယ်။ ဒီကုသမှုတွေက သင့်ကို အစားဝါးစားနိုင်အောင် ကူညီပေးမှာဖြစ်ပြီး လျှာလှုပ်ရှားမှုကောင်းစေဖို့နဲ့ မျိုချရလွယ်စေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။ စကားပြောရတာလည်း ပိုကောင်းလာစေမှာပါ။ ဒီကုထုံးတွေ ခံယူပြီး သက်သာသွားပြီ ဆိုရင်တောင်မှ ပုံမှန်စစ်ဆေးမှုတွေ လုပ်နေဖို့တော့လိုပါမယ်။


လျှာကင်ဆာ ကာကွယ်လို့ရလား……..


ရောဂါတိုင်းကို ကာကွယ်လို့ရပါတယ်။ ဒါကြောင့် လျှာကင်ဆာမဖြစ်စေဖို့အတွက်


•    HPV ကာကွယ်ဆေးထိုးပါ

•    လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ

•    ဆေးလိပ်နဲ့ဆေးရွက်ကြီးရှောင်ပါ

•    အရက်ဖြတ်ပါ။ မဖြတ်နိုင်ရင် လျှော့သောက်ပါ

•    သွားနဲ့ခံတွင်း ကျန်းမာရေးကိုဂရုစိုက်ပါ

•    ကွမ်းမစားပါနဲ့

•    ၆ လတစ်ကြိမ် ခံတွင်းကျန်းမာရေးစစ်ဆေးပါ

•    သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။


ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”