ကလေး ၂၂ သြဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့ တာဟန်းဈေးအတွင်းရှိ အလှကုန်ဆိုင်များ၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ၊ လူသုံးကုန်ပစ္စည်းဆိုင်များအား ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်ကြသော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဈေးကော်မတီဝင်များပူးပေါင်းကာ  သြဂုတ် ၂၁ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းအရာပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ခရိုင်တာဝန်ခံက စားသုံးရန်၊ သုံးစွဲရန်မသင့်သော အစားအသောက်၊ အလှကုန်၊ ဆေးဝါးများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခြင်း၊ စားသုံးရန်နှင့်သုံးစွဲရန် မသင့်ကြောင်းကြော်ငြာထားသော အစားအသောက်၊ အလှကုန်နှင့်ဆေးဝါးများကို ရိုက်နှိပ်ထားသော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


အလှကုန်ဆိုင်၊ ဆေးဆိုင်နှင့် ကုန်စုံဆိုင် (၂၁) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သုံးစွဲရန်မသင့်ကြော်ငြာထားသော အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် စားသောက်ကုန်များကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ပြီး နောင်တွင် သတိပြုရောင်းချရေးအတွက် ခံဝန်ကတိ လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သန်းထိုက်အောင် (ပြန်/ဆက်)