ပဲခူး ၂၂ သြဂုတ်


သြဂုတ် ၂၁ ရက် နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်အား ရှေးဟောင်းနယ်မြေဥယျာဉ် (Historical Park) အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် EOI စိစစ်ခြင်း၊ ရွေးချယ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


ကမ္ဘောဇသာဒီနန်းတော်ကို Historical Park အဖြစ် ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း/ ပြည်ပ ခရီးသွားများအတွက် စိမ်းလန်းစိုပြည်သော အပန်းဖြေနေရာကောင်းတစ်ခု ဖော်ဆောင်ပေးနိုင်မည် ဖြစ်သည့်အပြင် ပဲခူးဒေသအတွင်း၌ လုပ်ကိုင်လျက်ရှိသည့် ပန်းချီ၊ ပန်းပုနှင့် အခြားအိမ်တွင်း လက်မှုပညာပစ္စည်းများလည်း ရောင်းချနိုင်သည့် ဈေးကွက်တစ်ခုကို အကောင်အထည်ဖော်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက မြန်မာနိုင်ငံ၏ သမိုင်းဝင်ရှေးဟောင်းနေရာ၊ ပဲခူးတိုင်းဒေသကြီး၏ ပြယုဂ်နေရာဖြစ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်မှုမရှိစေဘဲ ရေရှည်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်၊ ရှေးမူမပျက်စေဘဲ ပြည်တွင်း/ပြည်ပ ခရီးသွားများ အပန်းဖြေနိုင်ရန်၊ တိုင်းပြည်ဝင်ငွေ တိုးတက်စေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရန်နှင့် ပဲခူးမြို့သို့ရောက်ရှိပါက ကမ္ဘောဇသာဒီနန်းတော်အား မဝင်မဖြစ် ဝင်ရောက်လည်ပတ်ရန် နေရာတစ်ခုဖြစ်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပြည်သူများအတွက် ရှေးဟောင်းယဉ်ကျေးမှုကို ပိုမိုချစ်မြတ်နိုးပြီး ရေရှည်တည်တံ့ခိုင်မြဲကာ သမိုင်းတန်ဖိုး လေးစားတန်ဖိုးထားတတ်စေရန်နှင့် စိမ်းလန်းစိုပြည်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးစေခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပြီး Emerald Lake မှ မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးလင်းအောင်က ကမ္ဘောဇသာဒီနန်းတော်အား Historical Park စီမံကိန်းအတွက် Project Management ပိုင်းဆိုင်ရာ အသေးစိတ်ကိုလည်းကောင်း၊ ဒါရိုက်တာ ဒေါ်ငုဝါအောင်က ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ ပြင်ဆင်ထားမှုကိုလည်းကောင်း၊ ဒါရိုက်တာ ဒေါ်ကြည်ပြာအောင်က ဈေးကွက်ဖော်ဆောင်ခြင်းနှင့် နန်းတော်ရာအား ပြည်တွင်း/ပြည်ပ စိတ်ဝင်စားမှု မြင့်တက်လာစေရန် ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ Design Director ဦးသစ်ရာက ကမ္ဘောဇသာဒီနန်းတော်ကြီး အဆင့်မြင့်တင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်အဆင့်အား Video Click ဖြင့်လည်းကောင်း၊ Omni Tech Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးဉာဏ်အောင်က ကမ္ဘောဇသာဒီနန်းတော်အား Historical Park စီမံကိန်းအတွက် လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်အသေးစိတ်အား Power Point ဖြင့်လည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့သည်။


ထို့နောက် ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ခင်၊  အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် BRCB(T) အဖွဲ့ခေါင်းဆောင် ဦးထိုက်လင်းတို့မှ တင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးခဲ့ကြကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

 

1