သုံးခွ ၂၂ ဩဂုတ်


ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သြဂုတ် ၂၁ ရက် နံနက် ၉ နာရီခွဲက ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးတင်ဦး (သုံးခွမြို့နယ်တာဝန်ခံ)က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးချစ်ကိုကို(ဓာတ်ပုံ)က ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ ရှင်းလင်းပြောကြားသည်။ ထို့နောက် လူဦးရေစာရင်းကောက်ယူခြင်း၊ မဲဆန္ဒရှင်စာရင်းကောက်ယူခြင်းနှင့် စာရင်းများကို စဉ်ဆက်မပြတ် ဖြည့်စွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးခဲ့သည်။


ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးစိန်လှိုင်က လုပ်ငန်းသဘောတရားများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကော်မရှင်၊ ရွေးကောက်ပွဲ အတွင်းရေးမှူး ဒေါ်ထွေးအိငယ်ငယ်အောင်က မဲဆန္ဒရှင်စာရင်း ပြုစုခြင်း သိမှတ်ဖွယ်ရာများကို သင်တန်းပို့ချခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ကိုကျော်(သုံးခွ)