ကျောက်တံခါး ၂၂ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ ကွင်းနောက်ရပ်ကွက် ရန်ကုန်-မန္တကားလမ်းဘေးရှိ ဆုတောင်းပြည့်ကျောင်းတိုက်အတွင်း ရန်အောင်မာန်ပြေသန့်ရှင်းအေး ဆုတောင်းပြည့်စေတီတော်၌ သူတော်နှစ်ပါးထမ်းထားသော ကြေးခေါင်းလောင်းအား သြဂုတ် ၂၁ ရက်က ပျောက်ဆုံးနေကြောင်း သိရသည်။
အဆိုပါပျောက်ဆုံးသွားသော ခေါင်းလောင်းမှာ ကြေးခေါင်းလောင်းအမျိုးအစားဖြစ်ပြီး ပိဿာချိန် ၆၀ ခန့်ရှိကြောင်း၊ ကာလတန်ဖိုးမှာ ၁၂ သိန်းကျော်ခန့်ဖြစ်၍ လွန်ခဲ့သော ၆ နှစ်ခန့်က ဆုတောင်းပြည့်ကျောင်းတိုက်အတွင်း ရန်အောင်မာန်ပြေသန့်ရှင်းအေး ဆုတောင်ပြည့်စေတီတော်တည်ထားခဲ့ပြီး အလှူရှင်မိသားစုမှ အဆိုပါကြေးခေါင်းလောင်းအား ဖိုးသူတော်နှစ်ပါးပုခုံးထက်၌ ထမ်းစင်ဖြင့် ချိတ်ဆွဲလှူဒါန်းထားရာမှ ကျောင်းတိုက်၏ တောင်ဘက်ခြံစည်းရိုးအား ဖျက်ဆီး၍ ခိုးယူသွားခြင်းဖြစ်ကြောင်း၊ ဩဂုတ် ၂၁ ရက် ညနေ ၄ နာရီခန့်တွင် အဆိုပါကြေးခေါင်းလောင်းကြီးမှာ သူတော်နှစ်ပါးထမ်းထားသော ထမ်းစဉ်မှ ပျောက်ဆုံးသွားသည်ကို သိရှိရသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများကို ဆက်သွယ်အကြောင်းခဲ့ကြောင်း အဆိုပါကျောင်းတိုက်ရှိ ဦးဇင်းတစ်ပါးမှ မိန့်ကြားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆုတောင်းပြည့်ကျောင်းတိုက်မှ ဂေါပကအဖွဲ့များက ကြေးခေါင်းလောင်းပျောက်ဆုံးမှုနှင့် ပတ်သက်၍ ကျောက်တံခါးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


