ပုသိမ် ၂၂ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ဝက်များတွင်ဖြစ်ပွားတတ်သော အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) အကြောင်း သိကောင်းစရာများ ပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ရုံး၌ ကျင်းပသည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာမိုးမိုးခိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်နိုင်က အသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အတွင်းရှိ ဝက်မွေးမြူရေးသမားများ၊ ဝက်လိုင်စင်စီများ၊ မြို့နယ်မွေးမြူရေးအဖွဲ့ချုပ်၊ ပြင်ပတိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့၊ အခြေခံကျန်းမာရေးလုပ်သားများ (CAHW) အာဖရိကဝက်အပြင်းဖျားရောဂါနှင့် ပတ်သက်၍ နောက်ခံသမိုင်း၊ ရောဂါဖြစ်စေသောပိုး၊ ရောဂါဖြစ်စေသော တိရစ္ဆာန်၊ ရောဂါကူးစက်ပြန့်နှံ့ပုံ၊ ရောဂါလက္ခဏာများ၊ ရောဂါပိုးပျိုးချိန်အဆင့်ဆင့်၊ ကြိုတင်ကာကွယ်ရေးကုသခြင်းနှင့် ရောဂါကူးစက်ပြန့်နှံ့ခြင်း တို့ကိုဟောပြောခဲ့ကြောင်းသိရသည်။
ဇီဝလုံခြုံမှုများကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ မွေးမြူရေးခြံကို သန့်ရှင်းစွာဆောင်ရွက်ထားခြင်း၊ အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်း မပြုရန်နှင့် လူဝင်လူထွက်ကို ထိန်းချုပ်ရန်၊ အသက်အရွယ်တူဝက်များကိုသာ မွေးမြူရန်၊ အပူချိန် စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရန်၊ ရောဂါကင်းကြောင်းစိတ်ချရသော ဝက်ခြံမှ ဝက်များကို ဝယ်ယူမွေးမြူခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း၊ ၎င်းရောဂါဖြစ်ပွားပါက ကာကွယ်ဆေးမရှိ၊ ထိရောက်သောကုသဆေးမရှိသေးကြောင်း သိရသည်။
ဟောပြောပွဲသို့ မွေးမြူရေးလုပ်ငန်းအဖွဲ့၊ ပြင်ပတိရစ္ဆာန်ဆေးကုဆရာဝန်များ၊ဝက်မွေးမြူသူများ၊ ဝက်လိုင်စင်စီ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေး လုပ်သားများတက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)


