ကျိုက်မရော ၂၂ သြဂုတ် 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း သြဂုတ်လဆန်းပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး အတ္တရံမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်ခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော ကျိုက်မရောမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များမှ အလှူငွေ (၁၁၁၂)သိန်းနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရွှေဟင်္သာ) ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ ထောက်ပံ့ငွေများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များမှ လှူဒါန်းသော ထောက်ပံ့ငွေ (၁၁၁၂)သိန်းကို ပေးအပ်လှူဒါန်းရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)