ညောင်ဦး ၂၂ ဩဂုတ်
ကျေးလက်နေပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်စေရန်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါ်ကြူကြူဝင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဩဂုတ် ၂၂ ရက် နံနက် ၈ နာရီက ညောင်ဦးမြို့နယ် သာစည်ကျေးရွာဓမ္မာရုံသို့ သွားရောက်ပြီး တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းကုသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးမြို့နယ် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါ်ကြူကြူဝင်းက ကျေးလက်နေပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရေးအတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုပေးမှု အခြေအနေများ၊ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများနှင့် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ လေးဘက်နာ စသည့် အဆစ်အမြစ် နာကျင်ကိုက်ခဲဝေဒနာများအတွက် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မှီဝဲစားသုံးရမည့် အစားအစာအာဟာရများ အကြောင်းကို ကဏ္ဍအလိုက် အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောသည်။
ထို့နောက် ဆေးရုံအုပ်ကြီး ဒေါ်ကြူကြူဝင်း ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့သည် ညောင်ဦးမြို့နယ် သာစည်ကျေးရွာရှိ ကျန်းမာရေးချို့တဲ့နေသည့် နာမကျန်းလူနာ ၃၆ ဦးအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပုဂံမြေ)


