ကော့သောင်း ၂၂ သြဂုတ်
ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းနှင့် ပတ်သက်၍ အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာခင်ဇော်က ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းနှင့် ပတ်သက်၍ ကော့သောင်းမြို့နယ်အတွင်း တိုက်ကျွေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း ဖြည့်စွက်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် NGO အဖွဲ့အစည်းများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်ကျန်းမာရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားကြသည်။
ကမ္ဘာပေါ်တွင် ပျောက်ကင်းလုနီးပါးဖြစ်နေသော ပိုလီယိုရောဂါသည် ကမ္ဘာ့နိုင်ငံ(၁၄)နိုင်ငံတွင် အသွင်ပြောင်းပိုလီယိုရောဂါပိုးအဖြစ် ဆက်လက်ကူးစက်ပျံ့ပွားလျက်ရှိရာ မြန်မာနိုင်ငံသည် အဆိုပါ(၁၄)နိုင်ငံအတွင်း ပါဝင်လျက်ရှိကြောင်း၊ ရောဂါကူးစက်မှု အမြန်ဆုံးဖြတ်တောက်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ၏ မြို့နယ်(၉၆)မြို့နယ်ရှိ ကလေးငယ်ပေါင်း (၁.၂)သန်းအား ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် (GPEI) (WHO) (Unicef) တို့မှ အမေရိကန်ဒေါ်လာ (၂)သန်းကျော်သုံးစွဲကာ အဆိုပါ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်းကို သြဂုတ်လနှင့် အောက်တိုဘာလအတွင်း မွေးကင်းစမှ အသက်(၅)နှစ်အရွယ် ကလေးတိုင်းကို တိုက်ကျွေးသွားမည်ဖြစ်ပြီး ကော့သောင်းမြို့နယ်အနေဖြင့် ဆေးတိုက်ကျွေးရန် ကလေးငယ် (၁၂၆၂၈)ဦးရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


