အင်းတော် ၂၂ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများသည် မိုးမရွာသဖြင့် လယ်စိုက်ပျိုးရန် အခက်တွေ့နေရကြောင်း သိရသည်။
အင်းတော်မြို့နယ် နန့်ခင့်ကျေးရွာရှိ တောင်သူများသည် လယ်စိုက်ပျိုးရန် ပျိုးထောင်ထားကြသော်လည်း ပျိုးသက်ရချိန်တွင် စိုက်ပျိုးမြေအတွက် မိုးမရွာ၍ ရေမရရှိခြင်းကြောင့် ချောင်းအတွင်းမှရေများကို စက်ဖြင့်စုပ်ယူ၍ မိုးစပါးစိုက်ပျိုးနိုင်ရန် လုပ်ဆောင်နေရကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင်လည်း ချောင်းရေနည်းပြီး ရေလုံလောက်မှု မရှိသည့်အတွက် ချောင်းအတွင်း ကျင်းနက်များတူးကာ ရေရရှိအောင် ခက်ခဲစွာ ဆောင်ရွက်နေရကြောင်း တောင်သူ ဦးအေးမောင်က ပြောသည်။
“စိုက်ပျိုးမြေများ ရေရရှိဖို့အတွက် ချောင်းအတွင်းမှရေကို စုပ်တင်ရတယ်၊ တစ်ရက်ကို ဒီဇယ်ဆီ (၆)ဂါလံမျှ ကုန်ကျတယ်၊ ရှေ့ဆက် မိုးမရွာရင် ကုန်ကျစရိတ် ပို၍များပြားနိုင်တယ်”ဟု တောင်သူ ဦးဇော်လင်းက ပြောသည်။
အင်းတော်မြို့နယ်အတွင်းရှိ တောင်သူအချို့အနေဖြင့် မိုးမရွာ၊ ချောင်းရေ၊ မြောင်းရေမရရှိသဖြင့် စိုက်ရန်ပျိုးပင်ရှိသော်လည်း ယခုချိန်ထိ မစိုက်ရသေးသော တောင်သူများ ရှိနေသေးကြောင်း သိရသည်။
လူအောင်(ကသာ)


