နေပြည်တော် ၂၂ ဩဂုတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအင်ဂျင်နီယာများက တံတားပညာရပ်ပိုင်းဆိုင်ရာများ တွက်ချက်၍ ကုန်ကားကြီးများ (ယာဉ်+ကုန်= ၄၈ တန်)ကို တံတားပေါ်မှ ဖြတ်သန်းခွင့်ပြုနိုင်ရန် ဘေလီတံတား သံဘောင်ဒေါက်တန်းများ အားဖြည့်ဆောင်ရွက်ခြင်း၊ တံတားအောက်ခြေ အုတ်မြစ်လုပ်ငန်းများ တောင့်တင်းရန် ဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ရက်ပေါင်း(၃၀)အတွင်း ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဩဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီမှစ၍ ဂုတ်တွင်း ယာယီဘေလီတံတားပေါ်တွင် အိမ်စီးကား၊ ကုန်ကား (ယာဉ်+ကုန်= ၃၆ တန်) များကို စနစ်တကျ ဖြတ်သန်းခွင့်ပြုခဲ့ပြီး ကုန်ကားကြီးများ (၂၀-၂၂ ဘီး) တွဲကားများကိုလည်း (၃၆)တန်အတွင်း တင်ဆောင်လာပါက ဂုတ်တွင်းတံတားပေါ်မှ ဖြတ်သန်းခွင့်ပြုလျက်ရှိကြောင်း၊ (ယာဉ်+ကုန်= ၃၆ တန်)ကျော်သည့် ကုန်ကားကြီးများသည် သတ်မှတ်ကုန်အလေးချိန်အတွင်းဖြစ်အောင် စနစ်တကျ ကုန်များကဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာ၍ ဖြတ်သန်းနေကြကြောင်း သိရှိရသည်။
ကုန်ကားကြီးများ (ယာဉ်+ကုန်=၄၈တန်) ဖြတ်သန်းသွားလာခွင့် ပြုမည့်ရက်ကို ထပ်မံအသိပေး ကြေညာမည်ဖြစ်ပြီး ခရီးသွားပြည်သူများနှင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေကြသော ကုန်ကားကြီးများသည် ဂုတ်တွင်း ယာယီဘေလီတံတားပေါ်မှ ဖြတ်သန်းမောင်းနှင်ကြရာတွင် တံတားကြီး ခိုင်ခန့်ရေးအတွက် သတ်မှတ်ကုန်ချိန် (ယာဉ်+ကုန်= ၃၆ တန်) သယ်ဆောင်ပြီး စနစ်တစ်ကျ ဖြတ်သန်းကြပါရန် မေတ္တာရပ်ခံ အသိပေးထားသည်။
MDN
ဓာတ်ပုံ- ဆောက်လုပ်ရေး


