၂၂ သြဂုတ်
ဗောက်ထခြင်းဟာ သင့်ရဲ့စားသောက်မှုပုံစံနဲ့ သက်ဆိုင်နေပါသလား။ ကျွမ်းကျင်ပညာရှင်တချို့ကတော့ သက်ဆိုင်နေတယ်လို့ဆိုကြပါတယ်။ လေ့လာမှုတွေက ထိုအချက်ကို သက်သေမပြနိုင်ကြသေးပေမယ့် အရေပြား အထူးကုအများစုကတော့ စားသောက်မှုပုံစံ ပြောင်းလဲခြင်းဟာ ဗောက်ထသက်သာစေနိုင်တယ်လို့ အကြံပေးကြပါတယ်။
သကြားဓာတ် နှင့် ဗောက်ထခြင်း
လူအများစုဟာ သကြားနဲ့အချိုဓာတ်တွေ အလွန်အမင်း စားသုံးနေကြပါတယ်။ သကြားဓာတ်စားသုံးမှု လျှော့လိုက်ခြင်းဟာ ရောင်ရမ်းမှုကို သက်သာစေပြီး ဗောက်ဖက်များ ဖြစ်ပေါ်ခြင်းကို နည်းပါးစေနိုင်ပါတယ်။ သကြား၊ ကာဗိုဟိုက်ဒရိတ်တွေဟာ ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေကို အားပေးနိုင်တာကြောင့် သကြားဓာတ်နည်းသော၊ ဓာတ်တိုးဆန့်ကျင် ကြွယ်ဝသော စားစရာများစားသုံးပေးခြင်းဟာ ဗောက်ထခြင်းကို ထိန်းသိမ်း လျော့ကျစေနိုင်ပါလိမ့်မယ်။
အကြောင်းပြချက်ကတော့ မသေချာပေမယ့် အရေပြားအထူးကု တချို့ကတော့ ဒါဟာ ဟော်မုန်းဆက်စပ်မှု ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ သကြားဓာတ်များသော၊ အဆီဓာတ်များသော အစားအစာတွေဟာ အင်ဆူလင် ထွက်မှုများစေပြီး ထိုအင်ဆူလင်မှ ခန္ဓာကိုယ်မှာ အဆီထုတ်မှုများစေနိုင်တာ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဗောက်ထခြင်းကို လျော့နည်းစေရန် အဆီများသော စားစရာ၊ ဆီကြော်ထားသော စားစရာ၊ သကြားဓာတ်က ဆီဓာတ် များသော စားစရာများ၊ ဓာတုပစ္စည်းများဖြင့် ထိန်းသိမ်းထုတ်ပိုးထားသော စားစရာများကို လျှော့ချစားသောက်သင့်ပါတယ်။
တဆေးဖောက်ခြင်း
အစားအစာနဲ့ ဗောက်ထမှုကြားက ဆက်စပ်မှုဟာ malassezia ခေါ် မှိုတစ်မျိုးကြောင့်လည်း ဖြစ်တယ်။ ဗောက်ထခြင်းဟာ မှိုကြောင့်ဖြစ်သော ရောဂါတစ်မျိုး ဖြစ်တာကြောင့် တဆေးဖောက်ထားသော စားစရာတွေဟာ ဗောက်ထခြင်း ပိုဆိုးစေနိုင်ပါတယ်။ တဆေးဖောက်ခြင်းဟာ အစောကတည်းက ဗောက်ထခြင်းအပါအဝင် အခြေအနေအမျိုးမျိုးမှာ ပါဝင်ပတ်သက်နေတတ်တဲ့ အငြင်းပွားစရာတစ်ခု ဖြစ်လို့နေပါပြီ။
ဘီယာ၊ ပေါင်မုန့်၊ ဝိုင် စသဖြင့် အချိုနဲ့ တဆေးဖောက်ထားတဲ့ စားစရာများဟာ ဗောက်ထခြင်းကို အားပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗောက်ထခြင်းကို လျော့နည်းစေဖို့၊ ကာကွယ်ဖို့အတွက် ထိုအစားအသောက်များကို ရှောင်ကြဉ် လျှော့ချဖို့လိုပါတယ်။ ပေါင်မုန့်၊ အရက်သေစာတို့ကို လုံးဝ ဖြတ်ပစ်တာမဟုတ်ဘဲ လျှော့ချရုံလောက်လေး နဲ့ပင် အကူအညီဖြစ်ပါတယ်လို့ ဆိုကြပါတယ်။
အသီးအရွက်၊ အသီးအနှံ
အာဟာရဓာတ်၊ အမျှင်ဓာတ်ကြွယ်ဝစွာပါတဲ့ အသီးအရွက်နဲ့ အသီးအနှံတွေ ပိုစားပေးခြင်းဟာ ဗောက်ထခြင်းကို လျှော့ချနိုင်မှာပါ။ သကြားဓာတ်၊ အငန်ဓာတ်၊ အဆီဓာတ်တွေသာ များနေတတ်တဲ့ ကျွန်ုပ်တို့ရဲ့ စားသောက်မှုပုံစံတွေဟာ ဗောက်ထခြင်းကဲ့သို့ အရေပြားဆိုင်ရာကိစ္စတွေ အပါအဝင် တခြားပြဿနာများကို အားပေးနေတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်များ လုံလောက်စွာရရှိရန် အသီးအနှံအသီးအရွက်တို့ကို အစိမ်းဖြစ်စေ၊ ချက်ပြုတ်ပြီးဖြစ်စေ အများအပြားစားပေးသင့်ပါတယ်။
ကျန်းမာသောအဆီ
အိုမီဂါ-3 အိုမီဂါ-6 ကဲ့သို့ ခန္ဓာကိုယ်အတွက်လိုအပ်သည့် အဆီဓာတ်တွေကိုတော့ ဗောက်ထခြင်းနဲ့ပတ်သက်ပြီး လေ့လာထားမှုတွေမရှိပါဘူး။ ဒါပေမယ့် အရေပြား အထူးကုအများစုကတော့ ထိုအဆီဓာတ်တွေဟာ ကျန်းမာသန်စွမ်းတဲ့ဆံပင်နဲ့ အသားအရေအတွက် အရေးပါတယ် လို့ဆိုကြပါတယ်။
လတ်တလော လေ့လာမှုတွေကလည်း ထိုအဆီဓာတ်တွေဟာ အရေပြား လုပ်ငန်းဆောင်တာတွေ အတွက် အရေးပါတယ်လို့ ဆိုလာပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှု လျော့ကျစေတဲ့သတ္တိ လည်းရှိပါတယ်။ ဆယ်လမွန်ငါး၊ တူနာငါး၊ မြေပဲယို၊ နှမ်းကြတ်စေ့၊ သံလွင်ဆီ၊ ထောပတ်သီး၊ သစ်ကြားသီး တွေဟာ ဗောက်ထသူများ စားသင့်သောစားစရာတွေဖြစ်ပါတယ်။
ဦးရေပြားကို အုန်းဆီလိမ်းပေးခြင်းဟာ ဗောက်ထခြင်းအတွက် အိမ်သုံးကုထုံးတစ်ခု ဖြစ်တာကြောင့် အုန်းဆီကို စားသောက်မှုမှာပါ ထည့်သွင်းသုံးစွဲခြင်းက ဗောက်ထတာအတွက် အကျိုးရှိမလားလို့ တချို့ကအကြံပြုကြပေမယ့် အုန်းဆီဟာ ပြည့်ဝဆီဖြစ်တာကြောင့် မသုံးစွဲခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့လိုပါလိမ့်မယ်။
ဘယ်အချိနကတည်းကစပြီး သင့် စားသောက်မှုပုံစံ ပြောင်းလိုက်မိသလဲ ဆိုတာကို သိနေဖို့က အရေးကြီးပါတယ်။ ဒါမှဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးတဲ့အခါမှာ အကူအညီဖြစ်နိုင်မှာပါ။ သင့် အစားအသောက်ပုံစံကို ဘယ်လိုပြောင်းလဲရမလဲ ဆိုတာကို အကြံပေးရ ပိုလွယ်ကူစေပါတယ်။
ရေးသားသူ - Dr.Aye Myat Myat Noe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”