နေပြည်တော် ၂၂ သြဂုတ်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးမြို့တွင် ပြုလုပ်သည့် ၂၀၁၉ ခုနှစ်(၁၈)ကြိမ်မြောက် ကမ္ဘာ့ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ၏ အားကစားပြိုင်ပွဲ (World Police and Fire Game)သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု အားကစားအသင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းထွန်း ဦးဆောင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အားကစားသမား(၁၅)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ကမ္ဘာ့နိုင်ငံပေါင်း (၇၉)နိုင်ငံမှ အားကစားသမား(၈၀ဝ၀)ကျော် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၄)ခုနှင့် ကြေးတံဆိပ်(၃)ခု ဆွတ်ခူး ရရှိခဲ့ကြောင်း၊ ရွှေတံဆိပ်(၄)ခုကို ဒုရဲအုပ် ရန်နိုင်စိုးက ဂျူဒိုပြိုင်ပွဲ(၁၀ဝ)ကီလိုတန်းတွင်လည်းကောင်း၊ ရဲတပ်ကြပ် ဆွေလီမြင့်(အမျိုးသမီး)က အပြေးမီတာ(၁၅၀ဝ)ပြိုင်ပွဲတွင်လည်းကောင်း၊ ရဲတပ်သား ဇော်လင်းထက်က တိုက်ကွမ်ဒို ဖလိုင်းဝိတ်တန်းပြိုင်ပွဲတွင်လည်းကောင်း၊ ရဲတပ်သား ကျော်မင်းနိုင်က တိုက်ကွမ်ဒို ကီလိုဝယ်သာတန်းပြိုင်ပွဲတွင်လည်းကောင်း၊ ငွေတံဆိပ်(၄)ခုကို ရဲတပ်ကြပ် ဆွေလီမြင့် (အမျိုးသမီး)က အပြေးမီတာ(၈၀ဝ)ပြိုင်ပွဲတွင်လည်းကောင်း၊ ဒုရဲအုပ် အေးအေးသန်း(အမျိုးသမီး)က အပြေး မီတာ(၅၀ဝ၀)ပြိုင်ပွဲနှင့် မီတာ(၁၀ဝ၀ဝ)ပြိုင်ပွဲတို့တွင်လည်းကောင်း၊ ရဲတပ်သား ရဲထက်အောင်က ကြိုးတပ်သံလုံး ပစ်ပြိုင်ပွဲတွင်လည်းကောင်း အသီးသီးဆွတ်ခူးရရှိကာ ကြေးတံဆိပ်(၃)ခုကို ဒုရဲမှူး ဝင်းနိုင်က ဂေါက်သီးရိုက် ပြိုင်ပွဲတွင်လည်းကောင်း၊ ရဲတပ်သား စောပြည့်စုံနေက မီတာ(၃၀ဝ၀)အတား ဆီးကျော် အပြေးပြိုင်ပွဲတွင်လည်းကောင်း၊ ရဲတပ်သား စိုးရွှေဇင်ထွန်း(အမျိုးသမီး)က တိုက်ကွမ်ဒို ကီလိုဖလိုင်း ဝိတ်တန်းပြိုင်ပွဲတွင်လည်းကောင်း အသီးသီးဆုများ ဆွတ်ခူးရရှိခဲ့ပြီး အားကစားကဏ္ဍတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။
MDN


