ပွင့်ဖြူ ၂၂ ဩဂုတ် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု ၊ ရွှေဘိုရွာသစ်ကျေးရွာရှိ ရွှေဘိုပြည်လုံးချမ်းသာ မုန်းစက်တော်ရာဘုရားကြီးတွင် ယနေ့ နံနက် ၇ နာရီက ဗိုလ်မှူးကြီးကျော်ကျော်ထွန်း ဦးဆောင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ယာယီဆေးခန်းဖွင့်လှစ်ကာ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ ကျန်းမာရေး ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် ဗိုလ်မှူးကြီးကျော်ကျော်ထွန်း ဦးဆောင်၍ ဆေးကုသမှုပါရဂူ ၃ ဦး ၊ ခွဲစိတ်ကုသမှုပါရဂူ ၅ ဦး ၊ ကျန်းမာရေးပါရဂူ ၃ ဦး ၊ သားဖွားမီးယပ်ပါရဂူ ၂ ဦး ၊ ကလေးကျန်းမာရေးပါရဂူ ၂ ဦး ၊ ရောဂဗေဒပါရဂူ ၁ ဦး ၊ မျက်စိပါရဂူ ၃ ဦး ၊ နား၊ နှာခေါင်း ၊ လည်ချောင်းပါရဂူ ၁ ဦး ၊ အရိုးရောဂါပါရဂူ ၁ ဦး ၊ မေ့ဆေးပါရဂူ ၂ ဦး ၊ ဓါတ်မှန်ပါရဂူ ၂ ဦး ၊ အဏုဇီဝဗေဒပါရဂူ ၁ ဦး ၊ ဆေးဝါးဗေဒပါရဂူ ၁ ဦး ၊ ပြန်လည်သန်စွမ်းရေးပါရဂူ ၁ ဦး ၊ စုစုပေါင်း အထူးကုပါရဂူ ၂၈ ဦး ပါဝင်ပြီး ခွဲစိတ်ကုသမှုယာဉ် နှစ်စီး ၊ ဓါတ်မှန်ယာဉ် တစ်စီး ၊ ဓါတ်ခွဲခန်းယာဉ် တစ်စီး ၊ သွားဆေးကုယာဉ် တစ်စီး ၊ ဦးစီးယာဉ် တစ်စီး ၊ အုပ်ချုပ်မှု ယာဉ် ခြောက်စီး တို့ဖြင့် ပွင့်ဖြူမြို့နယ် ရွှေဘိုပြည်လုံးချမ်းသာမုန်းစက်တော်ရာဘုရားကြီးတွင် ယာယီဆေးခန်းဖွင့်လှစ်ကာ မြို့ပေါ်ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများကို သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရေး ခေတ်မီ ရောဂါရှာဖွေရေးကိရိယာများဖြင့် ရောဂါရှာဖွေစစ်ဆေးပြီး အခမဲ့ ကျန်းမာရေးဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ အခမဲ့ဆေးဝါးကုသပေးရာသို့ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက ခွဲစိတ် ရောဂါ၊ ကလေးရောဂါ ၊ သားဖွားမီးယပ်ရောဂါ ၊ အရိုးရောဂါ၊ နားနှာခေါင်းလည်ချောင်းရောဂါ ၊ မျက်စိရောဂါ ၊ သွားရောဂါနှင့် အခြား အထွေထွေရောဂါမျိုးစုံကို လာရောက်ပြသကြရာ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများအဖွဲ့က လာရောက်ပြသသည့် လူနာများကို နွေးထွေးပျူငှာစွာ ဆေးဝါးများဖြင့် အခမဲ့ ကုသပေးလျက်ရှိပြီး ၊ ယနေ့ မွန်းလွဲ ၂ နာရီက တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ဒေသခံပြည်သူများကို အခမဲ့ ဆေးဝါးကုသပေးနေမှုအား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော် လာရောက်ကြည့်ရှုစစ်ဆေးရာ တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့မှ ဗိုလ်မှူးကြီး ကျော်ကျော်ထွန်းက ယာယီဆေးဝါးကုသမှုနေရာအလိုက် ဆေးဝါးကုသ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော် က လာရောက်ပြသသည့် လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ လူနာများ ဆေးဝါးကုသမှုခံယူရန် လာရောက်သည့်အခါတွင် ယာယီနားခိုနိုင်ရေး နေရာထိုင်ခင်းများ စနစ်တကျ စီစဉ်ဆောင်ရွက် ထားရှိရေးတို့ကို ရှင်းလင်း ဆွေးနွေးမှာကြားသည်။
အဆိုပါ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ အခမဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးခြင်းကို ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု ၊ ရွှေဘိုရွာသစ်ကျေးရွာရှိ ရွှေဘိုပြည်လုံးချမ်းသာ မုန်းစက်တော်ရာဘုရားကြီးတွင် ယနေ့မှ ဩဂုတ် ၂၃ ရက်နေ့အထိ မျက်စိရောဂါ ၊ နား၊ နှာခေါင်းလည်ချောင်းရောဂါ ၊ သွားရောဂါ ၊ ကလေးရောဂါ၊ အရိုးကုရောဂါ ၊ ခွဲစိတ်ရောဂါ ၊ သားဖွားမီးယပ်ရောဂါနှင့် အခြားထွေထွေရောဂါမျိုးစုံကို နှစ်ရက်ကြာ အခမဲ့ ဆေးဝါးကုသ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


