နေပြည်တော် ၂၂ သြဂုတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူအား ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ-၁ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး၊ သီလဝါ အထူးစီးပွားရေးဇုန် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများစွာရှိပြီး အနာဂတ်တွင်လည်း ဂျပန်နိုင်ငံမှ အထောက်အပံ့နှင့် နည်းပညာဆိုင်ရာ အကူအညီများ ဆက်လက်ရယူ ဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ရေးတို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးအနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


