နေပြည်တော် ၂၂ သြဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ တိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့တွင် ပိတ်မိနေသည့် Go and Love Foundation မှ Mrs. Chou Wei Kuo ဦးစီး ၂၈ ဦးကို ယနေ့တွင် တပ်မတော်ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာနိုင်ငံ၏ ပညာရည်မြှင့်တင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ရောက်ရှိနေသည့် Go and Love Foundation မှ Mrs. Chou Wei Kuo ဦးစီး ၂၈ ဦးသည် ကွတ်ခိုင်မြို့ရှိ အခြေခံပညာကျောင်း၌ သြဂုတ် ၃ ရက်မှစ၍ ပညာရည်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များ၏ မြို့၊ ရွာများအား တိုက်ခိုက်မှု၊ လမ်း၊ တံတားများ မိုင်းခွဲ ဖျက်ဆီးမှုကြောင့် ကွတ်ခိုင်မြို့ရှိ K.K Guest House ၌ သြဂုတ် ၁၅ ရက်မှစ၍ ပိတ်မိ နေခဲ့ကြောင်း။
အဆိုပါနိုင်ငံခြားသားများအား ယနေ့နံနက် ၁၀ နာရီခွဲတွင် တပ်မတော်(လေ)မှ ရဟတ်ယာဉ်ဖြင့် ကွတ်ခိုင်မြို့မှ လားရှိုးမြို့သို့လည်းကောင်း၊ ဆက်လက်၍ တပ်မတော်လေယာဉ်ဖြင့် လားရှိုးမြို့မှ ရန်ကုန်မြို့သို့လည်းကောင်း အန္တရာယ်ကင်းရှင်းစွာ ကူညီပို့ဆောင်ပေးနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


