နေပြည်တော်  ၂၂   သြဂုတ် 

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ၌ ပြသထားသော ရေမြင်းပြကွက်တွင် ရေမြင်း (Hippopotamus) အထီးနှစ်ကောင်နှင့် အမသုံးကောင်ရှိသည့်အနက် ဇွန် ၁၅ ရက်တွင် ရေမြင်းအထီး(ရဲလေး)နှင့် ရေမြင်းအမ(ပေါက်ကျော်မ)တို့မှ ရေမြင်းကလေးငယ်တစ် ကောင်၊ မျောက်လွှဲကျော် ပြကွက်တွင် မျောက်လွှဲကျော် (Hoolock Gibbon) မျက်ခုံးဖြူ အထီးနှစ်ကောင်နှင့် အမတစ်ကောင် မွေးမြူပြသထားရာ ဇွန် ၂၀ ရက်တွင် မျောက်လွှဲ ကျော်အထီး (ပိစိ)နှင့် မျောက်လွှဲကျော်အမ(အိတုံ)တို့မှ မျောက်လွှဲကျော်ကလေးငယ် တစ်ကောင်နှင့် ကြယ်လိပ်ပြကွက်တွင် ကြယ်လိပ် (Myanmar Star tartoise) အထီး ၁၁ ကောင်နှင့် အမ ၁၁ ကောင် မွေးမြူပြသထားရာ ဇွန် ၂၂ ရက်တွင် ကြယ်လိပ်အထီး (ငခဲ)နှင့် ကြယ်လိပ်အမ(အငယ်မ)တို့မှ ကြယ်လိပ်ပေါက်ငယ် ၉ ကောင် ပေါက်ဖွားခဲ့ကြောင်း သိရသည်။

 

mdn

 

ထို့ပြင် ဆာဖာရီဥယျာဉ် (နေပြည်တော်) မြင်းကျားပြကွက်တွင် ပြသထားသော မြင်းကျား (Plain Zebra)အထီး နှစ်ကောင်နှင့် အမ ငါးကောင်ရှိသည့်အနက် ဇူလိုင် ၅ ရက်တွင် မြင်းကျားအထီး (ကျော်ကြီး)နှင့် မြင်းကျားအမ (ရတီ) တို့မှ မြင်းကျား အမတစ်ကောင် ပေါက်ဖွားခဲ့ပြီး မိခင်ရော ကလေးပါ ကျန်းမာလျက်ကြောင်း သိရသည်။

 

mdn

 

တိရစ္ဆာန်များအနက် မျောက်လွှဲကျော်နှင့် ကြယ်လိပ်တို့၏ ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက်ကို အပြည်ပြည်ဆိုင်ရာသဘာဝနှင့် သဘာဝသယံဇာတများထိန်းသိမ်း ရေးအဖွဲ့ (IUCN)မှ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ထားပြီး မျောက်လွှဲကျော်သည် မျိုးဆက်ပျက်သုဉ်းလုဆဲဖြစ်သည့်အတွက် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း(CITES)၏ နောက်ဆက်တွဲစာရင်း(၁) နှင့် ကြယ်လိပ်သည် CITES ၏ နောက်ဆက်တွဲစာရင်း(၂) အနေဖြင့် ထိန်းသိမ်းထားရှိကြောင်း သိရသည်။

 

mdn

 

မျောက်လွှဲကျော်သည် နို့တိုက်သတ္တဝါဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း အမြဲစိမ်းသစ် တောများ၊ ရခိုင်ရိုးမသစ်တောများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း သစ်တောများတွင် လည်းကောင်း၊ ကြယ်လိပ်များသည် တွားသွားသတ္တဝါဖြစ်ပြီး မြန်မာနိုင်ငံ၌သာ တွေ့ရှိ ရသောဒေသမျိုးရင်းမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ တွင်လည်းကောင်း၊ ရေမြင်းများသည် နို့တိုက်သတ္တဝါဖြစ်ပြီး အာဖရိကတိုက်ရှိ မြစ်များနှင့် ရေအိုင်များတွင်လည်းကောင်း၊ မြင်းကျားကို အာဖရိကအရှေ့ပိုင်းရှိ မြက်ခင်းလွင်ပြင်ဒေသများတွင် တွေ့ရှိရကြောင်း သိရသည်။

 

mdn

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန မှ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့တွင် အများပြည်သူ စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် ရှားပါးတိရစ္ဆာန်များပြသခြင်း၊ သစ်ပင်ပန်းမန်များ ဖြင့်အနားယူအပန်းဖြေနိုင်ခြင်းနှင့် ဗဟုသုတရရှိစေခြင်းတို့ကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်လူမော်