နေပြည်တော် ၂၂ ဩဂုတ်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် မတူပီ မဲဆန္ဒနယ်မှ ဦးပါထန်းက မတူပီမြို့ ခုတင် (၁၀ဝ) ဆံ့ ခရိုင် ပြည်သူ့ဆေးရုံဖွဲ့စည်းပုံအား မည်သည်နေ့ရက်တွင် ချပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချင်းပြည်နယ်၊ မတူပီမြို့ ခုတင် (၁၀ဝ)ဆံ့ ပြည်သူ့ဆေးရုံ ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၁၆-၅-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၂၂မခ(ထ)၂၀၁၉(၅၉၇)/၇၈၃၀ ဖြင့် အဆောက်အဦ ဆောက်လုပ်ရန်အတွက် မြေနေရာ လုံလောက်မှု ရှိ/မရှိ၊ အဆောက်အဦ ထပ်မံဆောက်လုပ်ရန် လို/မလို၊ နယ်မြေဒေသအခြေအနေနှင့် မြေပြင်အမှန်တကယ် လိုအပ်မှု ရှိ/မရှိတို့ကို စိစစ်ပြန်ကြားပေးနိုင်ပါရန် သဘောထား မှတ်ချက်တောင်းခံခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ ၅-၇-၂၀၁၉ ရက် ရက်စွဲပါစာမှတ်၊ ၄/၈-၇(၁)/ဦး ၃ ဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် နယ်မြေအခြေအနေနှင့် မြေပြင်အခြေအနေအရ ခုတင်အဆင့် တိုးမြှင့်ပေးသင့်ပါကြောင်း အကြောင်းပြန်ကြားစာကို လက်ခံရရှိခဲ့ပါကြောင်း။


ချင်းပြည်နယ်၊ မတူပီမြို့နယ် ခုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံအား ခုတင် (၁၀ဝ) ပြည်သူ့ဆေးရုံအဖြစ်သို့ တိုးမြှင့်နိုင်ရန် ဖွဲ့စည်းပုံခွင့်ပြုမိန့် ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၆-၆-၂၀၁၉ ရက်စွဲပါဖြင့် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် (၃၇-၂၀၁၉) ပါ မူဝါဒများ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့မှ ထုတ်ပြန်သော သတ်မှတ်ချက်များနှင့်အညီ အဆိုပြုချက်များအား ဥက္ကဋ္ဌ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဌာနသို့လည်းကောင်း ညှိနှိုင်းတင်ပြ၍ သဘောတူညီချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆက်လက်တင်ပြပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။


MDN


Source- Pyithu Hluttaw