နေပြည်တော် ၂၂  သြဂုတ် 


စိုက်ပျိုးထုတ်လုပ်သူများ၊ စားသုံးသူများ၊ တစ်ဖက်နိုင်ငံသို့ တင်ပို့ရာတွင် အဓိကဆောင်ရွက်နေသော ကုန်သည်များ၊ ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရန် ဆောင်ရွက်နေကြသော ဌာနဆိုင်ရာများအနေဖြင့်  GAP   (Good Agriculture Practices) ကျင့်စဉ်များ၊ စံနှုန်းများနှင့် GAP သီးနှံအကြောင်း သိရှိနားလည်စေရန်၊ မူဆယ် (၁၀၅) မိုင်၊ ကုန်သွယ်ရေးဇုန်တွင် GAP Corner ဖွင့်လှစ်ခြင်းဖြင့် GAP သီးနှံဈေးကွက် ဝေစုရရှိလာစေရန်၊ တစ်ဘက်နိုင်ငံနှင့် နိုင်ငံတကာမှ တောင်းဆိုလာနိုင်သော GAP သီးနှံ ထုတ်လုပ်ရောင်းချခြင်းကို ကြိုတင်ပြင်ထားနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးကျင်းပသော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP အကြောင်း အသိပညာပေးခြင်းနှင့် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွင် GAP သရက်သီးနှံ အရောင်းစင်တာတစ်ခု ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ဒုတိယပတ်က မူဆယ်မြို့နယ် မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာတွင် စားသုံးသူများအတွက်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်ထားသည့် GAP သီးနှံများကို ထုတ်လုပ်ပေးရမည့်အချိန် ကျရောက်နေပြီဖြစ်ကြောင်း၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ဆိုသည်မှာ မြန်မာနိုင်ငံ၏ ကုန်စည်များစီးဆင်းရာ နယ်စပ်ထွက်ပေါက် တစ်ခုဖြစ်၍ ပြည်ပဈေးကွက်သို့ တင်ပို့လိုသည့် စိုက်ပျိုးထုတ်လုပ်သူများအတွက် အားထားရာတစ်ခု ဖြစ်ပါကြောင်း၊ သရက်သီးအပါအဝင် စိုက်ပျိုးရေး ထွက်ကုန်များအား သမားရိုးကျစိုက်ပျိုးရောင်းချခြင်းထက် သီးသန့်ဖောက်သည်များအတွက် GAP စနစ်ဖြင့် ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက အရည်အသွေး အာမခံချက် အပြည့်ရှိသည့် ကုန်စည်များအပေါ် ခိုင်မာသည့်  ဈေးကွက်ရရှိလာမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် ဦးတည်ဆွေးနွေးသည့် သရက်သီးနှံသာမက အခြားသီးနှံများကိုလည်း GAP Corner တွင်ဈေးကွက်ဖွင့် ရောင်းချနိုင်မည်   ဟု မျှော်မှန်းပါကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် ကပြောသည်။


ထို့ပြင် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စိုက်ပျိုးထုတ်လုပ်ထားသော GAP သီးနှံများအကြောင်းကို စားသုံးသူများ သိရှိနားလည်စေခြင်း၊ စိုက်ပျိုးထုတ်လုပ်သူနှင့် ကုန်သည်များမှလည်း GAP (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ)ဖြင့် စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သည့် စိုက်ပျိုးနည်းပညာများနှင့် လိုက်နာကျင့်သုံးရမည့် အလေ့အကျင့်များကို သိရှိနားလည်စေခြင်း၊ (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေး ကုန်စည်စီးဆင်းမှုတွင် GAP သီးနှံဈေးကွက် မျက်နှာစာသစ် ဖွင့်လှစ်နိုင်ရန် မိမိတို့ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများတွင် လိုက်နာကျင့်သုံးရမည့် နည်းစနစ်များနှင့် သရက်သီးနှံ GAP လက်မှတ်ရရှိရန် ဆောင်ရွက်သင့်သည်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဒေါက်တာဝဏ္ဏထွန်းက ပြောကြားသည်။


GAP သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အရောင်းစင်တာတွင် GAP Corner မှ GAP သီးနှံ ဈေးကွက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မှုများတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ GAP နှင့် စိုက်ပျိုးထုတ်လုပ်ထားသည့် သီးနှံအရောင်းစင်တာတစ်ခု ဖွင့်လှစ်ပြီး ကုန်သွယ်မှုမျက်နှာစာတစ်ခု ထပ်ဖွင့်လှစ်နိုင်ဖို့ စိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့သည့် ကုန်သည်များ၊ လုပ်ငန်းရှင်များ၊ တာဝန်ယူဆောင်ရွက်နေကြသည့် ဌာနများအချင်းချင်း အပြည့်အဝပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်နှင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးတို့က ပြောကြားသည်။


ဆက်လက်ပြီး GAP သီးနှံ၏ အရည်အသွေး အာမခံချက်ရှိမှု၊ နိုင်ငံတကာနှင့် အာဆီယံအသိုက်အဝန်းတွင် ဈေးကွက်ဝင်မှု အခြေအနေ၊ GAPဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်တွင် အကျိုးသက်ရောက်မှု GAP သီးနှံအတွက် ရရှိလာနိုင်မည့် Price Premium၊ GAP အသိအမှတ်ပြု လက်မှတ်ရရှိရန်အတွက်၊ တောင်သူနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ သစ်သီးကုန်သွယ်မှုပမာဏနှင့် ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရန် ဆောင်ရွက်မှုများ၊ နှစ်နိုင်ငံချိတ်ဆက် ဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ ကုန်စည်အလိုက် Export Tax နှင့် tariff ကွာခြားပုံများ၊ သစ်သီးအတွက် သတ်မှတ်ထားသော Export Tax၊ (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၏ သစ်သီးဈေးကွက်၊ သက်ရက်သီးနှံ၏ ဈေးနှုန်းအမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးရရှိချိန်၊ GAP အသိအမှတ်ပြုလက်မှတ် ရရှိရန်ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်ခဲများနှင့်အ ားသာချက်များ၊ (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွင် GAP Corner ဖွင့်လှစ်ခြင်းဖြင့် ပုံမှန် သရက်သီးဈေးကွက်တွင် သက်ရောက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။


သိမ့်သိမ့်မိုး