နေပြည်တော် ၂၂ ဩဂုတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်းက ဆရာကြီး မင်းသုဝဏ်နှင့် ဆရာဇော်ဂျီတို့၏ စာပေလက်ရာများနှင့် စာပေဩဇာအရှိန်အဝါ ကြီးမားသော အခြားစာပေပညာရှင်များ၏ စာပေလက်ရာများကို အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း မြန်မာစာပြဋ္ဌာန်း စာအုပ်များ၌ ထည့်သွင်းပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာအဆင့် KG+12 သင်ရိုးသစ်၏ ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းများကို သက်ဆိုင်ရာ ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီ (Subject Wise Committee) များက ပြုစုပြီး အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ (National Curriculum Committee) ၏ အတည်ပြုချက်ကို ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် အခြေခံပညာ မူလတန်းအဆင့် ပထမတန်း မြန်မာစာဖတ်စာ၌ ဆရာကြီးမင်းသုဝဏ်၏ သပြေသီးကောက်နှင့် ကြာဆစ်ကြိုး ကဗျာတို့ကိုလည်းကောင်း၊ ဒုတိယတန်း မြန်မာစာဖတ်စာ၌ ရွှေဥသြကဗျာကို လည်းကောင်း၊ တတိယတန်း မြန်မာစာဖတ်စာ၌ လယ်စောင့်တဲ ကဗျာကိုလည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်တွင် ဆဋ္ဌမတန်း သင်ရိုးသစ်မြန်မာစာ၌ ဆရာဇော်ဂျီ၏ ပိတောက်မယ်ကဗျာကို ထည့်သွင်းသင်ကြားပေးလျက်ရှိပါကြောင်း။
အခြေခံပညာ အထက်တန်းအဆင့်တွင်လည်း နဝမတန်း မြန်မာကဗျာ လက်ရွေးစင်၌ ဆရာဇော်ဂျီ၏ လှိုင်းကလေးသင်ကဗျာနှင့် မြန်မာစကားပြေ၌ ဆရာကြီးမင်းသုဝဏ်၏ လူလည်းတစ်ထွ ရေလည်းတစ်ခြား စကားပြေတို့ကိုလည်းကောင်း၊ ဒသမတန်းမြန်မာကဗျာ လက်ရွေးစင်၌ ဆရာဇော်ဂျီ၏ သင်သေသွားသော် ကဗျာကိုလည်းကောင်း ထည့်သွင်းပြဋ္ဌာန်း သင်ကြားပေးလျက်ရှိကြောင်း။
သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာအဆင့် မြန်မာစာပြဋ္ဌာန်း စာအုပ်များတွင် စာဆိုတော်ကြီးများဖြစ်သော ဆရာကြီးမင်းသုဝဏ်နှင့် ဆရာဇော်ဂျီတို့၏ စာပေလက်ရာများနှင့် စာပေသြဇာအရှိန်အဝါကြီးမားသော အခြားစာပေပညာရှင်များ၏ စာပေလက်ရာများကို အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း မြန်မာစာ ပြဋ္ဌာန်းစာအုပ်များတွင် ထည့်သွင်းပြဋ္ဌာန်း ပြုစုခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆက်လက်ပြီး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
MDN
Credit> ပြည်သူ့လွှတ်တော်