နေပြည်တော် ၂၂ ဩဂုတ်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့တွင် မြို့သစ်မဲဆန္ဒနယ်မှ ဦးသာအောင်က မြို့သစ်မြို့နယ်၌ ပြည်ထောင်စုရန်ပုံငွေဖြင့် အခြေခံပညာကျောင်းများ ဆောက်လုပ်ရာတွင် တင်ဒါလုပ်ငန်းများ အချိန်မီပြီးစီးရန်နှင့် ဒီဇိုင်းများပိုမိုပြည့်စုံစွာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာကျောင်းများအတွက် လိုအပ်သော တည်ဆောက်ရေး လုပ်ငန်းများ ဆောက်လုပ်ရာတွင် တင်ဒါလုပ်ငန်းစဉ်များ အချိန်မီပြီးစီးရန် ပြည်ထောင်စု၏ ရန်ပုံငွေဖြစ်သည့်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးရုံးများသို့ ငွေလုံး ငွေရင်း တည်ဆောက်ရေးရန်ပုံငွေများကို ခွဲဝေပေးရပါကြောင်း၊ သို့သော် လုပ်ငန်းများကို အပ်နှံဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးရုံးများနှင့် ဆောက်လုပ် ရေးကုမ္ပဏီများ စာချုပ်ချုပ်ဆို ဆောင်ရွက်ကြပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေးအတွက် QC ကုမ္ပဏီများဖြင့် ကြပ်မတ်ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်ဦးစီးမှူး၊ လမ်းဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးတို့ ပါဝင်ဖွဲ့စည်းထားသည့် အရည်အသွေး စစ်ဆေးရေးနှင့် တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီတို့သည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ များ၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။


အခြေခံပညာကျောင်းများ ဆောက်လုပ်ရာတွင် လိုအပ်သော စာသင်ကျောင်း တည်ဆောက်ရေးဆိုင်ရာ ဒီဇိုင်းများကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ နှစ်စဉ်ရေးဆွဲပြုစုပြီး ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ယခုအခါတွင် ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Swiss Agency for Development and Cooperation-SDC) ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၈ ခုနှစ်တွင် လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ် (Safe and Child Friendly School Construction Guidelines-SCSCG) ကို ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၎င်းအတိုင်း လိုက်နာဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။


အဆိုပါစာအုပ်တွင်ပါရှိသော အခြေခံပညာ စာသင်ကျောင်းများ တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆောက်အဦပုံစံထုတ်နှင့် စိစစ်ရေးဌာန၊ အခြေခံပညာဦးစီးဌာန၊ အင်ဂျင်နီယာဌာန(ခွဲ)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးရုံးများမှ အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (Myanmar Engineering Society, Nay Pyi Taw)၊ Plan International Myanmar မှ မြန်မာ ကိုယ်စားလှယ်များ၊ World Vision Myanmar မှ မြန်မာကိုယ်စားလှယ်နှင့် SDC မှကိုယ်စားလှယ်များ ပါဝင်သော လုပ်ငန်းဖြစ်မြောက်ရေး အဖွဲ့ဝင်များဖြင့် ဒေသနှင့်ကိုက်ညီမည့် ပိုမိုပြည့်စုံသော စာသင်ကျောင်း ဒီဇိုင်းများကို ရေးဆွဲပြုစုဆောင်ရွက်နိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


MDN


Credit> ပြည်သူ့လွှတ်တော်