ခင်ဦး  ၂၃  သြဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ခြေမြစ်ကျဉ်း(မ)ကျေးရွာ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ် ငွေကျပ်သိန်း (၅၈၀) ထုတ်ချေးခြင်းကို သြဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီက ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ နေအိမ်တွင် ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးညီညီဦးက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်းဖြင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက် ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ စေရန်နှင့် အာဟာရပြည့်ဝစေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ခင်ဦးမြို့နယ်တွင် ၂၀၁၄-၂၀၁၅ ခုနှစ်မှစ၍ မြစိမ်းရောင်ကျေးရွာများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ကျေးရွာ (၂၄)ရွာအထိ ရှိလာပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ပဉ္စမအကြိမ်တွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် (၇၇) ဦး၊ မွေးမြူရေးလုပ်ငန်းအတွက် (၆၃) ဦး၊ ကုန်ထုတ်လုပ်ငန်းအတွက် (၁) ဦး၊ အရောင်းအဝယ်လုပ်ငန်းအတွက် (၈) ဦး စုစုပေါင်း (၁၄၉) ဦး တို့ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မို့မို့လွင်နှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် သိန်း (၅၈၀) ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


စိုးဝေအောင်(ခင်ဦး)