ရန်ကုန် ၂၃  သြဂုတ် 


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) မှ လက်ရှိလုပ်ကိုင်လျက်ရှိသည့် ရန်ကုန်မြို့ ရေပေးဝေသည့် လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းကို မြို့နယ်၊ ရပ်ကွက်အလိုက် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။


“အစိုးရဝန်ထမ်း မလုံမလောက်နဲ့ ထိန်းနေရင် အစိုးရဝန်ထမ်းနဲ့ ရေမသာမာမှုလုပ်သူနဲ့ အပေးအယူ မျှသွားမှာလည်း ရှိနိုင်လို့ အကောင်းဆုံးနည်းက ပုဂ္ဂလိကပေးချင်တယ်။ ဈေးနှုန်းကန့်သတ်ပြီး ပုဂ္ဂလိကလုပ်နိုင်လား လုပ်နိုင်လို့ ပေးလိုက်ရင် ရေအလေအလွင့် နည်းလာမယ်။အလေအလွင့် နည်းပြီဆိုရင် ဈေးတက်တာကို ခုခံပြီး တောင့်ထားနိုင်မယ်။ ဈေးမတက်ဖြစ်အောင် ဟန့်တားနိုင်တဲ့ သဘောမျိုးဖြစ်တဲ့အတွက် ပုဂ္ဂလိက စိတ်ဝင်စားတဲ့ သူလုပ်ဖို့ ဒီလထဲမှာပဲ ကျွန်တော်ခေါ်ပါမယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။


ထို့ကြောင့် စည်ပင်ရေပေးဝေးရေးလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီသို့ တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးရန် ယခုလအတွင်း EOI (စိတ်ဝင်စားမှု အဆိုပြုလွှာ) ခေါ်ယူမည်ဖြစ်သည်။


ရေဖြန့်ဖြူးရေး၌ ပင်မရေငုတ်မှ အိမ်ထောင်စုများသို့ ရေပေးဝေမှုတွင် လေလွင့်နည်းပါးစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ပြီး စိတ်ဝင်စားသည့် ပုဂ္ဂလိကကိုပေး၍ လုပ်ဆောင်သွားပါက ရေအလေအလွင့် နည်းပါးသွားနိုင်ကြောင်း သိရသည်။ 


ရန်ကုန်မြို့တွင်း ရေဖြန့်ဖြူးပေးမှုအား ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးခြင်းကသာ ရေခိုးသွယ်မှုများကြောင့် ရေလေလွင့်ဆုံးရှုံးခြင်းနှင့် ရေမီတာခနှုန်းထားများ တိုးမြှင့်ကောက်ခံခြင်းကို ဟန့်တားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


လက်ရှိ YCDC မှ ရောင်းချသည့်ရေဈေးနှုန်းသည်မန္တလေးမြို့ထက် သက်သာလျက်ရှိပြီး လက်ရှိ ရေမီတာခကောက်ခံမှု နှုန်းထားသည် အိမ်သုံးမီတာအတွက် တစ်ယူနစ်ကို ငွေကျပ် ၈၈ ကျပ် ကောက်ခံကာ စီးပွားရေးလုပ်ငန်းသုံး အတွက် တစ်ယူနစ်ကို ငွေကျပ် ၁၁၀ ကျပ် ကောက်ခံလျက်ရှိကြောင်း သိရသည်။


သူရိန်ကျော်

 

1