ရန်ကုန် ၂၃ ဩဂုတ်
အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်း အမှတ်စဉ်(၆) ဘွဲ့နှင်း သဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာဦးပွား၊ ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ တက္ကသိုလ်အကြံပေးအဖွဲ့ဝင်များ၊ တက္ကသိုလ်စီမံခန့်ခွဲရေးနှင့် တက္ကသိုလ်ပညာရေး အဖွဲ့ဝင်များ၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်၊ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊တက္ကသိုလ်သင်ကြားရေး၊ စီမံဌာနများမှ ပါမောက္ခ၊ဆရာ၊ ဆရာမ များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုး မိတ်သင်္ဂဟများ တက်ရောက်ကြသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင်ပါမောက္ခချုပ် ဦးအောင်တင်စိုးက နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရ၏ မူဝါဒများအားလက်တွေ့အကောင်အထည်ဖော် ပေးနေသည့် အင်အားစုများ ဖြစ်ပြီးပြည်သူလူထုအတွက် အခြေခံဝန်ဆောင်မှုများကိုဆောင်ရွက်ရန် တာဝန်ရှိသူများလည်း ဖြစ်ပါ ကြောင်း၊ အစိုးရနှင့်ပြည်သူအကြားယုံကြည်မှုတည်ဆောက်ရာတွင် အခရာကျ သူများဖြစ်ပါ ကြောင်း၊ အစိုးရ၏ ရည်ရွယ်ချက်များဖြစ်သည့်ဒီမိုကရေစီဖက်ဒရယ်စနစ် ထွန်းကားရေး၊ ဈေးကွက် စီးပွားရေး စနစ်ပီပြင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ပြည်သူများ၏ လူနေမှုဘဝများဖွံ့ဖြိုး တိုးတက် ရေးကို အကောင်အထည်ဖော်ရာတွင် ပြည်သူများကို အနီးကပ်ဝန်ဆောင်မှု ပေးရသည့် နိုင်ငံ့ဝန် ထမ်း၏ စွမ်းအားနှင့် စွမ်းဆောင်ရည်တို့သည် အရေးကြီးသည့်အတွက် စွမ်းအားနှင့် စွမ်းဆောင်ရည်များ အစဉ်တိုးတက်နေရန် ပညာသစ်၊ အတွေ့အကြုံသစ်များကို ဆက်လက်လေ့လာသွားကြရန် တိုက်တွန်း လိုပါကြောင်း။
ပြည်သူ့ဝန်ထမ်းတစ်ဦးစီအတွက် အဓိကစံတန်ဖိုးများဖြစ်သောရိုးသားဖြောင့်မတ်မှု၊ ဂုဏ်သိက္ခာရှိမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် ဘက်လိုက်ခြင်းကင်းမှုတို့ကိုပိုမိုခံယူကျင့်သုံးတန်ဖိုးထားတတ် စေရန် အတွက် လည်းကောင်း၊ ဝန်ထမ်းတစ်ဦး၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေး အခြေခံ အုတ်မြစ်များဖြစ်သည့် စရိုက်လက္ခဏာကောင်းမှု၊ ကိုယ်ကျင့်တရားကောင်းမှု၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည် ပြည့်ဝမှုတို့နှင့် ပြည့်စုံသူများဖြစ်လာစေရန် သက်ဆိုင်ရာပညာရပ်များကိုလေ့ကျင့် သင်ကြားပေးခဲ့ပြီဖြစ်ပါကြောင်း။
နိုင်ငံတကာအဆင့်မီ ပညာရည်မြင့်မားသော နိုင်ငံ့ဝန်ထမ်းများအဖြစ်သာမက နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်စွမ်းဆောင်နိုင်ရမည်ဖြစ်သည့်အတွက် မိမိတို့နှင့်သက်ဆိုင်သောပညာရပ် ဗဟုသုတများ သာမကနိုင်ငံ့ဝန်ထမ်းတိုင်း သိသင့်သိထိုက်သည့် ဘာသာရပ်နယ်ပယ် အသီးသီးကိုလည်း နားလည်သိရှိပြီး အစဉ်တိုးတက်နေအောင် ဆက်လက်လေ့လာဆည်းပူးသွားကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
သင်တန်းသို့ သင်တန်းသား(၃၀)၊ သင်တန်းသူ(၆၁)ဦး၊ စုစုပေါင်း(၉၁) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေ ၆ ရက်မှ ဩဂုတ် ၂၃ ရက်အထိ ရက်သတ္တ(၁၆) ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


