မတ္တရာ ၂၃  သြဂုတ် 

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းချုပ်နာယက ဆရာတော် ဒေါက်တာ အရှင်ခေမိသာရနှင့် နာယကဆရာတော်များ ဦးဆောင်၍ ပရဟိတအသင်းချုပ်ဦးစီး၍ မတ္တရာမြို့နယ်မှ အလှူရှင်များမှ စုပေါင်းလှဒါန်းသော အလှူငွေများနှင့် အလှူပစ္စည်းများကို မွန်ပြည်နယ်ရေဘေးသင့် ပြည်သူများအတွက် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ မွန်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများကို လှူဒါန်းနိုင်ရန်အတွက် နာယကဆရာတော်၏ ဦးဆောင်မှုဖြင့် မတ္တရာမြို့နယ်ရှိ ပရဟိတ အသင်းများ၊ လုပ်အားကုသိုလ်ရှင်များမှ ၅ရက်တိုင် အလှူခံထွက်ရှိခဲ့ရာ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အလှူငွေ ဆယ်သိန်းကျပ်၊ ဆန်အိတ်(၇၅)အိတ်၊ ခေါက်ဆွဲခြောက်(၆၀)ဖာ၊ ဆီ(၁၀)ပုံး၊ ခြင်ဆေးခွေ ပါကင်ပုံး ၂၀၊ စောင်(၂၀ဝ)ထည်၊ ပုဆိုးအထည် ၅၀ ထည်၊ အင်္ကျီအဖြူ ၅၀၊ ပါတိတ်လုံချည် အထည် ၁၇၀၊ အမျိုးသမီးဝတ်အင်္ကျီ အထည်၁၆၀)ထည်၊ ကလေးဝတ်အင်္ကျီအထည် ၁၄၀ နှင့် အခြားအဝတ်အထည် ၁၀ဝ၊ ပစ္စည်းတန်ဖိုးငွေကျပ် ၄၆၃၃၀ဝ၀ စုစုပေါင်းကျပ် ၅၆၃၃၀ဝ၀ အား သြဂုတ်လ ၂၄ ရက်နေ့တွင် နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ လွှဲပြောင်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 “ဘုန်းဘုန်းတို့က မွန်ပြည်နယ်အထိတော့ မသွားတော့ပါဘူး။ နေပြည်တော်မှာရှိတဲ့ လူကယ်ပြန်ဝန်ကြီးထံ လွှဲပြောင်း လှူဒါန်းသွားမှာပါ။ ကျိုက်မရောဘက်ကို လှူဒါန်းဖို့ ချိတ်ဆက်ထားပြီးပါပြီဟု” မတ္တရာမြို့နယ် ပရဟိတအသင်းချုပ် နာယကဆရာတော်မှ မိန့်ကြားခဲ့သည်။

စိုးကျော်သူထွေး(မတ္တရာ)