ရန်ကုန်   ၂၃   သြဂုတ်

မြန်မာ- ဂျပန် အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းရပ်များဆိုင်ရာ မိတ်ဆက် ပေါင်းကူး အစည်းအဝေးကို သြဂုတ် ၂၂ ရက်က ရန်ကုန်မြို့ အင်းလျားလမ်း စိမ်းလန်းစိုပြည်ဥယျာဉ်၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးအေးမင်းနှင့် WAJOE Yangon တာဝန်ခံ WAKAMATSU YUKO တို့က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။

 

mdn

 

အခုလက်ရှိ မြန်မာနိုင်ငံတွင် ဂျပန်၏ ရင်းနှီးမြုပ်နှံမှုသည် အဆင့် ၅ နေရာဖြင့် ရပ်တည်နေပြီး သီလဝါအထူး စီးပွားရေးစက်မှုဇုန်သည် မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံးစက်မှုဇုန်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတွင် လည်ပတ်နေသော ဝင်ငွေ၊ ထွက်ငွေ၏ ၈၀ ရာခိုင်နှုန်းကို အသေးစား၊ အလတ်စား စီပွားရေးလုပ်ငန်းများမှ အမှန်တကယ် လည်ပတ်နေကြောင်း၊ လုပ်ငန်းရှင်ကြီးများအနေဖြင့် ၂၀ ရာခိုင်နှုန်းခန့်သာ နေရာယူထားနိုင်ကြောင်း၊ နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများသည် အဓိကကျကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ SME လုပ်ငန်းစာရင်းများအရ လုပ်ငန်းပေါင်း တစ်သိန်းနှစ်သောင်းခန့် ရှိသည့်အနက် ရန်ကုန်တွင် ၆ သောင်းခန့်ရှိကြောင်း၊ SME ကဏ္ဍတွင် ဈေးကွက်ရှာဖွေရန်ခက်ခဲခြင်း၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရန် နည်းပညာအကူအညီ လိုအပ်ခြင်း၊ ဘဏ်မှချေးငွေရယူရန် ခက်ခဲခြင်း စသော အချက် ၃ ချက်ကို လုပ်ငန်းရှင်များ တောင်းဆိုလေ့ရှိကြောင်း၊ ယခုအခါ မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနှံအပြားရှိ ဒေသအားလုံးမှ တိုင်းရင်းသား အသေးစား၊ အလတ်စား လုပ်ငန်းရှင်များဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားခဲ့သည်။

အဆိုပါပေါင်းကူးအစည်းအဝေးတွင် မြန်မာနှင့်ဂျပန် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင် ၆၀ ဦးစီ ပါဝင်ခဲ့ပြီး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ သင်တန်းကျောင်းနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အိုင်တီသတင်းအချက်အလက်နှင့် နည်းပညာလုပ်ငန်းများ၊ အတိုင်ပင်ခံလုပ်ငန်းများ၊ လက်လီလက်ကားရောင်းချခြင်းလုပ်ငန်းများ၊ အမှတ်တရ လက်ဆောင် ပစ္စည်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အစားအသောက်နှင့် စားသောက်ဆိုင်လုပ်ငန်းများ၊ အခြားလုပ်ငန်း အကြောင်းအရာများကို တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံ အသေးစား-အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံမှုနှင့်ပတ်သက်၍ မြန်မာ-ဂျပန်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်ထွန်းက “ကျွန်တော်တို့နိုင်ငံမှာလည်း ဂျပန်လုပ်ငန်းရှင်တွေအများကြီးလာပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေကြတယ်။ ဒီလိုလာလုပ်လို့လဲ ကျွန်တော် တို့ တိုင်းပြည်ရဲ့စီးပွားရေးကို အများကြီးအထောက်အကူဖြစ်စေတယ်။ အခုလာတဲ့ ဂျပန်စီးပွားရေးလုပ်ငန်း ရှင်တွေအနေနဲ့လည်း ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အသေးစား၊ အလတ်စားစီးပွား ရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်မယ်ဆိုရင် အကျိုးအများကြီးဖြစ်ထွန်းလာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

WAJOE ဂျပန်အဖွဲ့အစည်းသည် ကမ္ဘာ့နိုင်ငံအနှံအပြားရှိ စီးပွားရေးလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေးအဖွဲ့ အစည်းများနှင့် ပေါင်းကူးဆက်သွယ်လိုသောကြောင့် လာရောက်အစည်းအဝေးပြုလုပ်ခြင်းကြောင်း သိရ သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွှန့်