နေပြည်တော် ၂၃ ဩဂုတ်
မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် မိုးညိုမြို့နယ် အတွင်းရှိ အင်းသူကြီး (၉)ဦးအား နောက်ထပ် အင်းသက်တမ်း(၃)နှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမည်ဟု ပြောကြား၍ ငွေကြေးများတောင်းယူပြီး ကိုယ်ကျိုး အလွဲသုံးခြင်းအား စစ်ဆေးအရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံခန့်ခွဲရေး တာဝန်ဖြစ်သော အင်းလေလံပစ်ရာတွင် ကြီးကြပ်ဆောင်ရွက်ခဲ့စဉ် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်း ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ခုနှစ် အတွက် ကြေးတိုင်အင်း သက်တမ်းတိုး လျှောက်ထားသည့် အင်းများနှင့်ပတ်သက်၍ အင်းသူကြီးများထံမှ ငွေကျပ် (၃၅)သိန်းနှင့် ငွေကျပ် (၃၂)သိန်းတို့ကို (၂)ကြိမ် တောင်းခံရယူခဲ့ခြင်းဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။
သတင်းစဉ်


