စစ်တွေ ၂၃ သြဂုတ်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များတွင် လာရောက်လေ့လာသည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ သဘာဝဘေးအန္တရာယ် အတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre)နှင့် အာဆီယံ အရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်ရေးအဖွဲ့ (ASEAN ERAT) တို့မှ တာဝန်ရှိ ကိုယ်စားလှယ်များနှင့် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရိပ်သာ၌ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့အကြား နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား သြဂုတ် ၂၂ ရက်တွင် စတင်ဆောင်ရွက်ရန်နှင့် လုံခြုံရေးနှင့်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းများ အပါအဝင် လိုအပ်သည်များကို ၎င်းတို့ဘက်မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သြဂုတ် ၁၉ ရက်တွင် မြန်မာအစိုးရသို့ အကြောင်းကြားစာပေးပို့ခဲ့ပါကြောင်း၊ အဆိုပါ အကြောင်းကြားစာအရ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံမှ လာရောက်လေ့လာရန် မြန်မာအစိုးရက အာဆီယံဘက်သို့ ဖိတ်ကြားခဲ့ပါကြောင်း၊ အာဆီယံဘက်မှလည်း မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အပေါ်တွင် တုံ့ဆိုင်းခြင်းမရှိဘဲ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့မှ ကိုယ်စားလှယ် (၆)ဦးပါဝင်သည့် အရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ကို စေလွှတ်ပေးခဲ့ပါကြောင်း၊ ဘင်္လားဒေ့ရှ်နိုင်ငံက အကြောင်းကြားချက်အတိုင်း အာဆီယံ အဖွဲ့အနေဖြင့် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းတွင် အသင့်သွားရောက် စောင့်ဆိုင်းခဲ့ပါကြောင်း၊ သတ်မှတ်ထားသည့်  သြဂုတ် (၂၂) ရက်တွင် ပြန်လည်ဝင် ရောက်သူများ မရှိခဲ့သည်ကို အဖွဲ့အနေဖြင့် မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ပြီး ဖြစ်ပါကြောင်း။

ယင်းကဲ့သို့ ဖြစ်စဉ်မျိုးသည် မိမိတို့ အနေဖြင့် ပထမဆုံးအကြိမ်မဟုတ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တရားဝင် ဆက်သွယ်မှုအရ ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင်လည်း အဆင်သင့်စီစဉ်ထားသော်လည်း ပို့လွှတ်ခြင်းမရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးပြီးနောက်ပိုင်း ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်ကတည်းကပင် အဆင်သင့်စီစဉ်ဆောင်ရွက်ထားခဲ့ပါကြောင်း၊ ယင်းကဲ့သို့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို နှစ်နိုင်ငံပူးပေါင်း၍ ၁၉၉၃ခုနှစ်ကပင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ သည့် အစဉ်အလာများလည်း ရှိခဲ့ပါကြောင်း၊ ယခုကဲ့သို့ ပြန်လည်လက်ခံရေးစခန်းသို့ ကြိုတင်သွားရောက်ပေးခဲ့သည့်အတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်း။

ကနဦး လိုအပ်ချက် ဆန်းစစ်လေ့လာမှုအစီရင်ခံစာတွင်လည်း အာဆီယံက ပြန်လည်လက်ခံရေးစခန်းများနှင့် ကြားစခန်းတို့ကို ပိုမိုအားဖြည့်ပံ့ပိုးရန်၊ သတင်းအချက် အလက်ဖြန့်ချိရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအနေဖြင့် ပံ့ပိုးဆောင်ရွက်ရန်စသည့် အချက်(၃)ချက်ကို အကြံပြုခဲ့ပါကြောင်း၊ အဆိုပါအကြံပြုချက်များကို အကောင်အထည်ဖော်ရေးအတွက် နည်းပညာလုပ်ငန်းအဖွဲ့ကိုလည်း အာဆီယံမှ ကိုယ်စားလှယ်များ၊ ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီမှ ကိုယ်စားလှယ်များနှင့် ဆက်စပ်ဌာန ဆိုင်ရာများ ပါဝင်မှုဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ ယခုဖိတ်ကြားခဲ့သည့် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်တွင် လာရောက်ပူးပေါင်းဆောင်ရွက်ခြင်းသည် အာဆီယံ၏ စည်းလုံးညီညွတ်မှု စိတ်ဓါတ်ကို ပြသရာရောက်သည့်အတွက်လည်း များစွာဝမ်းမြောက် ကျေးဇူးတင်ရှိပါ ကြောင်းပြောကြားသည်။ 

အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး Mr. KyAnh Nguyen က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် လာရောက်လေ့လာရန် မြန်မာနိုင်ငံက ဖိတ်ကြားခဲ့သည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီရန်အသင့်ရှိပါကြောင်း၊ ကနဦးဆန်းစစ်လေ့လာမှုအစီရင်ခံစာတွင်ပါဝင်သည့် အကြံပြုချက်များကို အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ပံ့ပိုး ကူညီပေးသွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံဝန်ဆောင်မှုများတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေးအတွက် ဦးစားပေး၍ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများအပြင် အာဆီယံ+၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားစသည့် ဆွေးနွေးဖက်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ပါကြောင်း။

ယခုတစ်ကြိမ် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားဝင်အသိပေးထားသည့်အတိုင်း ပြန်လည်ပို့ဆောင်ခြင်း မရှိခဲ့သော်လည်း မိမိတို့ အနေဖြင့် မြန်မာအစိုးရဘက်မှ ကြိုတင်ပြင်ဆင်ထားမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါကြောင်း၊ မိမိတို့အနေဖြင့် အကျိုးရှိသည့် ခရီးစဉ်ဟုပင် ထင်မြင်ယူဆပါကြောင်း၊ ဆက်လက်၍ ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများအတွက်လည်း ဆွေးနွေးညှိနှိုင်းပေးနိုင်ခဲ့ပါကြောင်း ဆွေးနွေးခဲ့ပြီးအခြား အဖွဲ့ဝင်များကလည်း ဆက်လက် ပူးပေါင်းဆောင်ရွက်ကြမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်