နေပြည်တော်   ၂၃  သြဂုတ် 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဝန်ကြီးဌာန၏ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များသည် နေပြည်တော်သို့ ရောက်ရှိနေသော လွှတ်တော်ဆိုင်ရာ လူငယ်အလုပ်သင် သင်တန်းသား၊ သင်တန်းသူများနှင့် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လွှတ်တော်ဆိုင်ရာ လူငယ်အလုပ်သင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုကဲ့သို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို စိတ်ပါဝင်စားပြီး လာရောက်တွေ့ဆုံသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေနေများအပြင် ဆက်စပ်ညီနောင်အသင်းအဖွဲ့များ၏ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများကိုပါ သင်တန်းသား/သင်တန်းသူများကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့်လည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ တတ်အားသ၍ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး သင်တန်းသား/ သင်တန်းသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ သင်တန်းတက်ရောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍  ညွှန်ကြားရေးမှူး ဦးဇေယျာမျိုးအောင်က ဝန်ကြီးဌာနမှ ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က Digital Marketing ဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရီးသွားဈေးကွက်မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအမှတ်တရပစ္စည်းထုတ်လုပ်ရေးနှင့်ရောင်းချရေးအသင်းနှင့် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း တို့မှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြကြပြီး သင်တန်းသား/သင်တန်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

သတင်းစဉ်

 

mdn