နေပြည်တော် ၂၃ သြဂုတ်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌  အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုသည်။ 

 ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၀ နာရီတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး Auditorium ခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားသည် ပြည်သူနှင့် အများဆုံး ထိတွေ့ဆက်ဆံရသည့် ဌာန တစ်ခုဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနတစ်ခုလုံးကို ထင်ဟပ်နေသည့် ပုံရိပ်လည်း ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် သိသိသာသာ၊ ထင်ထင်ရှားရှား အများလေးစား အားကျလောက်သည့် ဌာနကြီးအဖြစ် ရှိနေစေချင်ပါကြောင်း၊ လုပ်ငန်းနှင့် ပတ်သက်သည့် အဆင့် အတန်း (Professional Standard) ကို ထိန်းသိမ်းပြီး ပိုမိုတိုးတက်မြင့်မားအောင် ကြိုးစားအားထုတ်စေချင်ပါကြောင်း၊ အများအတုယူစရာဖြစ်အောင် ပညာရှင်၏ အဆင့်အတန်း၊ ပညာရှင်၏ စံနမူနာကို အပြည့်အဝ ပြသနိုင်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ထို့နည်းတူ ရုပ်သံထုတ်လွှင့်နေသည့် အစီအစဉ်များ၊ တင်ဆက်ပုံများတွင်လည်း အမြဲတမ်းတီထွင်ဆန်းသစ် လုပ်ကိုင်ဆောင်ရွက်နေရန် လိုအပ်ပါကြောင်း၊ မိမိတို့ ယူထားသော မြန်မာ့အသံဆိုသည့် နာမည်နှင့်ထိုက်တန်စွာ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုသော  အဖွဲ့အစည်းတစ်ခုအဖြစ် စဉ်ဆက်မပြတ်ကြိုးစားနေရန် လိုအပ်ပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ပြောသည့် မြန်မာစကားသည် စံဖြစ်ရမည် ဖြစ်ပြီး အသံနှင့် လေယူလေသိမ်းမှန်ကန်စေရန် သတိထားစေလိုပါကြောင်း၊ ထိုကဲ့သို့ စံများ ထိန်းသိမ်းခြင်းသည် မိမိတို့ မဖြစ်မနေ လုပ်ဆောင်ရမည့် အခြေခံအလုပ်ဖြစ်ပြီး ထိုထက်မက တိုးတက်ရန်လည်း လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။

 ပြောင်းလဲလာသည့် နည်းပညာကို ထိထိရောက်ရောက်အသုံးပြုရန်နှင့် နည်းပညာအသစ်များကိုလည်း လေ့လာပြီး လက်တွေ့အသုံးချ လုပ်ကိုင်စေလိုပါ ကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အရာထမ်း၊ အမှုထမ်းများ အနေဖြင့်  မိမိတို့၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ကြံဆပြီး လုပ်ကိုင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုပ်မြင်ဌာနခွဲ၊ အသံလွှင့်ဌာနခွဲ၊ စက်မှုဌာနခွဲ၊ တေးဂီတဌာနခွဲ၊ NRC Channel ၊ Farmer Channel ၊ ဘဏ္ဍာရေးဌာနခွဲ၊ စီမံခန့်ခွဲရေးဌာနခွဲတို့မှ အရာထမ်း၊ အမှုထမ်းများက အရည်အသွေးတိုးတက်ရန် အတွက် သင်တန်းတက်ရောက်ခွင့်ရရှိရေး ၊ ဝန်ထမ်းများ ရာထူးတိုးမြှင့်ပေးရေး၊ လုပ်ငန်းလိုအပ်ချက်များနှင့်စပ်လျဉ်း၍ တင်ပြကြရာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဝန်ထမ်းများ၏ တင်ပြချက် များနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က နိဂုံးချုပ်အမှာစကား ပြော ကြားသည်။ 

ဆက်လက်၍ Conference Room ၌ ပြည်ထောင်စုဝန်ကြီးနှင့် အရာထမ်းများ တွေ့ဆုံရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရုပ်မြင်သံကြားနှင့် ရေဒီယိုများတွင် ထုတ်လွှင့်ဖော်ပြနေမှုများနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး  ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ဆွေးနွေးမှာကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ ရုပ်သံလွှင့်လုပ်ငန်းများဆောင်ရွက်နေမှု   ၉ မီတာ၊  ၁၁ မီတာ စလောင်း၊ မြေပြင်အခြေစိုက် ဂြိုလ်တုရုပ်မြင်သံကြားလွှင့်တင်သည့်အခန်း၊ Central Equipment Room (CER)၊ ဗဟိုထိန်းချုပ်ခန်း(MCR)၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆက်စပ်ရုပ်သံလိုင်းများ ထုတ်လွှင့်ပြသသော စက်များတပ်ဆင်ထားသည့် အခန်းများနှင့် ပြင်ပသတင်းနှင့် အစီအစဉ်များရိုက်ကူးပြီး ဂြိုလ်တုသို့ လွှင့်တင်သည့် ယာဉ်(DSNG Van) ကို လှည့်လည်ကြည့်ရှူကြသည်။

သတင်းစဉ်