ရန်ကုန်  ၂၃  သြဂုတ် 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် အွန်လိုင်း ဝန်ဆောင်မှုလုပ်ငန်းရပ်များ၊ National Single Window အထောက်အကူပြု MyanmarTradenet 2.0 အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ပထမထပ်ရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။

ယနေ့ မိတ်ဆက်သည့် MyanmarTradenet 2.0  စနစ် ပြီးစီးသွားပါကလာမည့် ၂၀၂၀ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆိုပို့ကုန်၊ သွင်းကုန်လိုင်စင်ကို လျှောက်ထားခြင်း၊ ကုန်သည်များ ကိုယ်တိုင် လျှောက်ထားခြင်း၊ ထုတ်ယူခြင်း၊ ငွေပေးချေခြင်းတို့ကို  Myanmar Tradenet 2.0  စနစ်ကို အသုံးပြုပြီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေးဦးစီးဌာန သတင်းအချက်အလက် နည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက``MyanmarTradenet က ရှိပြီးသားပါ၊ ပိုမိုကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်သွားချင်တဲ့အတွက် Myanmar Tradenet 2.0 ကို မိတ်ဆက်တာဖြစ်ပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးမှုအပါအဝင် ကုန်သွယ်လုပ်ငန်းရှင်တွေဘက်၊ ကုန်သွယ်မှုပိုင်း ဆောင်ရွက်ရာမှာ အွန်လိုင်းစနစ်အသုံးပြုပြီး ၂၀ဝ၄ ခုနှစ်ကစတင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပြီး နှစ်စဉ် နှစ်တိုင်းအဆင့်မြှင့် တင်ဆောင်ရွက်နေပါတယ်။ ၂၀၁၆ ခုနှစ်မှာလိုင်စင်တွေကို Fully Online လျှောက်ထားတာရော၊ ငွေသွင်းတာရောလိုင်စင်ထုတ်ပေးမှုမှာ စတင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အချို့လိုင်စင်တွေက ထောက်ခံချက် ပေါ်မူတည်ပြီး ထုတ်ပေးရတာဖြစ်ပါတယ်။ အဲဒီအခါကြတော့ ထောက်ခံချက်ပေးရတဲ့ ဌာနတွေ အကုန်လုံးက အွန်လိုင်းစနစ်ကို လိုက်ပါအသုံးပြုနိုင်ရင် လိုင်စင်ထုတ်ပေးမှုတွေ အကုန်လုံးကို အွန်လိုင်းက ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟုပြောသည်။

အဆိုပါ National Single Window အထောက်အကူပြုစနစ်အဖြစ် ဆောင်ရွက် လျက်ရှိသည့်  Myanmar Tradenet 2.0စနစ်တွင် လိုင်စင်လျှောက်ထားနိုင်မှု၊ ငွေပေးသွင်းနိုင်မှု၊ လိုင်စင်အပါအဝင် ကုန်သွယ်မှု ဆက်စပ်လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းများ၏ Flow အကြမ်းအား ကုန်သည်လုပ်ငန်းရှင်များ ကြိုတင်သိရှိနိုင်စေရန် ရည်ရွယ် မိတ်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။ 

အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာနသတင်းအချက်အလက် နည်းပညာဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက သတင်းအချက်အလက် နည်းပညာဌာနခွဲမှ ဆောင်ရွက်ထားရှိသည့် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများနှင့် National Single Window အထောက်အကူပြု Myanmar Tradenet 2.0 အကောင်အထည် ဖော်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး ဌာနဆိုင်ရာပုဂ္ဂိုလ်များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ကုန်သွယ်မှုနှင့်ဆက်စပ်သည့်မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကုန်သွယ် လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုဆိုင်ရာဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့်ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများက သိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့သည်။

သတင်းစဉ်