ရန်ကုန် သြဂုတ် ၂၃
ရန်ကုန်တက္ကသိုလ်ရှိ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော သစ်ပုပ်ပင်ကြီးအား ရန်ကုန်မြို့ပြ အမွေအနှစ်အထိမ်းအမှတ်အဖြစ် အပြာရောင်ကမ္ပည်းပြား တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှသိရသည်။
“ဒီသစ်ပုပ်ပင်ကြီးက ရန်ကုန်တက္ကသိုလ်ကြီးထက် စောတယ်လို့ယူဆတယ်၊ နှစ်ပေါင်းတစ်ရာမကတော့ဘူး။ အဲဒီတော့ နှစ်တစ်ရာကျော်တဲ့ သစ်ပုပ်ပင်ကြီးမှာ မြို့ရဲ့သဘာဝ အမွေအနှစ်တွေ ပါဝင်နေတဲ့အတွက် ဒါကို ကမ္ပည်းပြားတပ်ပြီးတော့ ဆက်လက်ထိန်းသိမ်းသွား ဖို့ရှိပါတယ်၊ ဒီသစ်ပုပ်ပင်ကြီးက ရန်ကုန်တက္ကသိုလ်ကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတထဲမှာ အမြဲတမ်းပါတဲ့ သင်္ကေတတစ်ခုလည်းဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေစိတ်ထဲမှာ သစ်ပုပ်ပင်ဟာ တကယ့်ကို အရေးပါတဲ့အရာတစ်ခုအနေနဲ့ အမြဲတမ်း ရှိခဲ့တာဖြစ်ပါတယ်” ဟုရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ စီမံချက်အရာရှိ ဦးသူရိန်အောင်က ပြောကြားသည်။
အဆိုပါ သစ်ပုပ်ပင်ကြီးအား အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာ တွင် ကမ္ပည်းပြားတပ်နိုင်ရန် တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ လက်ရှိတွင် ခြံစည်းရိုးခတ်ပြီး စနစ်တကျ ထိန်းသိမ်းထားကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အနေဖြင့် ဗိုလ်ဆွန်ပက်လမ်းရှိ Yangon Excelsior Hotel ၊ ဆူးလေဘုရားအနီးရှိ တိုးရစ်ဘားမား အဆောက်အအုံ၊ အင်းလျားလိတ်ဟိုတယ်၊ အင်းလျားကန်နှင့် မြန်မာအမျိုးသား လေကြောင်းလိုင်းရုံးတို့အား ၂၀၁၉ ခုနှစ်မကုန်ခင် အပြာရောင်ကမ္ပည်းပြား တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကိုလိုနီခေတ်မဟုတ်ဘဲနဲ့ လွတ်လပ်ပြီးခေတ်နောက်ပိုင်း လွတ်လပ်ပြီးခေတ်မှာ ဆောက်လုပ်တဲ့ သမိုင်းအရရော၊ ဗိသုကာအရရော အရေးပါတဲ့ အဆောက်အအုံတွေရှိပါတယ်၊ အဲဒီအဆောက်အအုံတွေမှာလည်း ကမ္ပည်းပြား တပ်ဆင်သွားမှာပါ၊ ရန်ကုန်မြို့မှာ ထူးခြားထင်ရှားတဲ့ အမွေအနှစ်တွေ အများကြီးရှိတယ်၊ အမွေအနှစ်ကို အခြေပြုတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်သွားမှာရှိပါတယ်” ဟု ဦးသူရိန်အောင်က ပြောကြားသည်။
ဇာနည်မောင်


