ပင်လည်ဘူး ၂၄ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ သဘာဝ ပတ်ဝန်းကျင်များ စိမ်းလန်းစိုပြေစေရန်၊ သဘာဝဘေးနှင့်ရာသီဥတု အပူဒဏ်မှ အကာ အကွယ်များ ရရှိစေရန်၊ သစ်ပင်များအား တန်ဖိုးထား ချစ်တတ်စေရန် ပင်လည်ဘူးမြို့နယ် သစ်ပင်ချစ်သူများအဖွဲ့မှ (ဆဋ္ဌမအကြိမ်မြောက်) သစ်ပင်များ စိုက်ပျိုး ခြင်းကို သြဂုတ်၂၃ ရက် နံနက်က ပင်လည်ဘူးမြို့နယ် (၅)မိုင် တောင်ဘို့လှကျေးရွာ လမ်းဘေးဝဲယာများတွင် အရိပ်ရ သစ်ပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သစ်ပင်များစိုက်ပျိုးရာတွင် တောင်ဘို့လှကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် အရှင်အာလောက၊ လက်ဆည်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးဝဏ္ဏသီရိ၊ ပင်လည်ဘူးမြို့နယ်သစ်ပင်ချစ်သူများအဖွဲ့နှင့် တောရတနာ ဓမ္မစကူးလ် ကျောင်းသားကျောင်းသူလေးများ စုပေါင်း ပါဝင်ပြီး စိမ့်ပန်း (၂၀ဝ)ပင်၊ တမလန်း(၅၀)ပင်၊ ပျဉ်းကတိုး (၅၀)ပင်၊ ကုက္ကို(၃၀)ပင်၊ စုစုပေါင်း ပျိုးပင် (၃၃၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြသည်။
သစ်ပင်ချစ်သူများ အဖွဲ့မှ သစ်ပင်များကို (ဆဋ္ဌမအကြိမ်မြောက်) စိုက်ပျိုးခြင်း ဖြစ်ပြီး သစ်ပင်ချစ်သူများအဖွဲ့မှ ကျွန်း၊ တမလန်း၊ ပျဉ်းကတိုး၊ စိမ့်ပန်း၊ ခရေ၊ ကုက္ကိုနှင့်အခြား ပျိုးပင်ပေါင်း (၁၆၀ဝ)ခန့် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ ယခု သြဂုတ် ၂၆ ရက်နေ့တွင် ပင်လည်ဘူးမြို့နယ် မန္တံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ အရိပ်ရ သစ်ပင်များ စိုက်ပျိုး သွားမည် ဖြစ်ကြောင်း သစ်ပင်ချစ်သူများအဖွဲ့ သစ်ပင်များ ဦးဆောင် စိုက်ပျိုးသူ ဦးထက်ထက်ကျော်က ပြောသည်။
မျိုးလွင်(ပင်လည်ဘူး)


