ရန်ကုန်  ၂၄  သြဂုတ် 


ရန်ကုန်မြို့သစ် စီမံကိန်းတွင် လျှပ်စစ်မီးနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ထိုင်းနိုင်ငံအခြေစိုက် PTT/PTTEP/G PSC တို့ ပါဝင်သည့် PTT Group နှင့် အိန္ဒိယနိုင်ငံအခြေစိုက် Indraprastha Gas LimitedandGailConsortiu m (IGL Consortium) တို့အား ရွေးချယ်ထားကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC)မှ သိရသည်။


Power Supply and Distribution ကဏ္ဍအတွက် PTT Group နှင့်  Natural Gas Supply and Distribution ကဏ္ဍအတွက် IGL Consortium ကို ရွေးချယ်ထားခြင်းဖြစ်ပြီး ယင်းကုမ္ပဏီများအနေဖြင့် NYDC Challenge တင်ဒါလုပ်ငန်းစဉ်အရ စီမံကိန်းအကြိုအဆိုပြုလွှာ (Pre Project Documents-PPD) ပြင်ဆင်ရန်အတွက် လိုအပ်သည့်အစီအစဉ်နှင့် လေ့လာမှုများ ပြုလုပ်နိုင်ရန် NYDC နှင့် ဆက်လက်ဆွေးနွေးသွားရမည်ဖြစ်ကြောင်း သိရသည်။


"ကျွန်တော့်အနေနဲ့ ရွေးချယ်ခံရတဲ့ PTT Group နဲ့ IGL Consortium တို့ကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ ကျန်ရှိနေတဲ့ ကဏ္ဍတွေထဲက Cyber Connectivity Infrastructure ကဏ္ဍအတွက်လည်း စိစစ်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး စိစစ်မှုလုပ်ငန်းစဉ်တွေ ပြီးသွားတဲ့အချိန်မှာ ကြေငြာပေးသွားပါမယ်။" ဟု NYDC ၏ ဒုတိယဥက္ကဋ္ဌနှင့် CEO ဖြစ်သူ ဦးသိမ်းဝေက NYDC CEO အပတ်စဉ်စာစဉ် (၂၉) တွင် ပြောကြားထားသည်။


ရန်ကုန်မြို့သစ် ပထမအဆင့် Stage-2 အခြေခံအဆောက်အဦစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းများဖြစ်သည့် Power Supply and Distribution၊ Natural၊ Gas Supply and Distribution၊ Cyber Connectivity၊Public Transport၊ Waste Mana gement နှင့် Conve ntion Center တို့အတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression of Interest) ကို ယခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။


NYDC အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် EOI တင်သွင်းမှု (၇၇)ခုကို ကုမ္ပဏီ/အဖွဲ့အစည်းပေါင်း (၄၅)ခုထံမှ လက်ခံရရှိထားပြီး EOI များကို မျှတပြီး ပွင့်လင်းမြင်သာစွာ ရွေးချယ်နိုင်ရေးအတွက် Infrastructure Asia (IA) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


IA သည်  စင်ကာပူနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ Enterprise Singapore နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ Monetary Author ity of Singapore တို့က ဒေသတွင်း အခြေခံအဆောက်အဦ တည်ဆောက်ရေးအတွက် ငွေကြေးမတည်ရာတွင် အထောက်အကူပြုနိုင်ရန်နှင့် အခြေခံအဆောက်အဦများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရသည်။


NYDC အနေဖြင့် တင်သွင်းထားသည့် EOI များထဲက အကောင်းဆုံး၊ အသင့်လျော်ဆုံး အရည်အချင်း ပြည့်မီသည့် ကုမ္ပဏီကို မျှတပြီး ပွင့်လင်းမြင်သာမှုရှိစွာ ရွေးချယ်နိုင်ရန် ရည်ရွယ်၍ IA အဖွဲ့နှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုကဏ္ဍတွင် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူခဲ့ကြောင်း သိရသည်။


သူရိန်ကျော်