မုံရွာ ၂၄ သြဂုတ်
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်/ကျေးရွာများတွင် အသုံးပြုလျက်ရှိသော ဟွန်ဒါစက်တပ် ရေယာဉ်ငယ်များအနေဖြင့် အိမ်သုံးလိုင်စင်စက်လှေများအဖြစ်သာ အသုံးပြုရန် ခရီးသည်များတင်ဆောင် ပြေးဆွဲခြင်းမပြုရန်နှင့် အသုံးပြုခွင့်အမိန့်များကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများတွင်သွားရောက်လုပ်ဆောင်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
“ဟွန်ဒါစက်တပ်လှေတွေကသေးတယ်၊ ဟွန်ဒါစက်တပ်ရေယာဉ်လေးတွေက စက်လှေကိုယ်ထည်သေးတဲ့အတွက် ခရီးသည်တွေတင်ရင် အန္တရာယ်အလွန်များတယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အသုံးပြု ခွင့်ပြုအမိန့်တွေလည်း ထုတ်ပေးနေသားနဲ့ပြေးဆွဲခွင့်အမိန့်လည်း လုပ်ထားခြင်းမရှိကြဘူး၊ အခုလိုညွှန်ကြားချက် ထုတ်ပြန်တာဖြစ်တယ်၊ ပြေးဆွဲခွင့်အမိန်ထုတ်ပေးရင်တောင်မှ ခရီးသည်တင်ပြေးဆွဲခွင့် ထုတ်ပေးတာမဟုတ်ဘူး၊ မိသားစုသုံးအတွက် ထုတ်ပေးမှာဖြစ်တယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သန်းက ပြောသည်။
ညွှန်ကြားချက်များကို ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မုံရွာ၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးမြို့နယ်များရှိ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီများသို့ သြဂုတ်လ တတိယပတ်အတွင်းက အကြောင်းထားခြင်းဖြစ်ပြီး ၎င်းကော်မတီများမှ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဟွန်ဒါစက်တပ် ရေယာဉ်အသုံးပြုသူများကို ဆက်လက်အကြောင်းကြားအသိပညာပေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး (ဇေယျာတိုင်း)


