မိတ္ထီလာ ၂၄ သြဂုတ်
မိတ္ထီလာ ဖောင်တော်ဦးဘုရားပွဲတော်လှေပြိုင်ပွဲတွင် နှစ်ပေါင်း ၇၀ ကျော်အသုံးပြုခဲ့သည့် သစ်သားလောင်းလှေကြီး နှစ်စီးအစား ယခုနှစ်တွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်က လှူဒါန်းထားသည့် ဖိုက်ဘာလောင်း လောင်းလှေနှစ်စီးဖြင့် လှေပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ဖောင်တော်ဦး စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညို ထံက သိရသည်။
“လက်ရှိကြံတိုင်းအောင် နဲ့ ရန်ကင်းမောင် သစ်သားလောင်းလှေကြီးနှစ်စီးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်လောက်ကတည်းက အသုံးပြုခဲ့တာမို့ ပြိုင်ပွဲဝင်လှေတွေအဖြစ် ဆက်လက်အသုံးပြုဖို့ ကြံ့ခိုင်မှုအားနည်းနေပါပြီ။ နှစ်စဉ် ပြိုင်ပွဲကျင်းပခါနီးရင် အဲဒီလှေနှစ်စီးကို သစ်သားတွေနဲ့ ဖာထေးပြုပြင်တာတွေ ပြုလုပ်ခဲ့ရတယ်။ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ကျင်းပဖို့ ပြိုင်ပွဲဝင်လှေ အခက်အခဲရှိနေတာသိတဲ့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်က ဖိုက်ဘာလောင်းလှေကြီး နှစ်စီးလှူဒါန်းထားတာမို့ ဒီနှစ်လှေပြိုင်ပွဲကို ဖိုက်ဘာလောင်းလှေနှစ်စီးနဲ့ ကျင်းပသွားဖို့စီစဉ်ထားပါတယ်” ဟု ဖောင်တော်ဦးစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုက ပြောသည်။ သစ်သားလောင်းလှေကြီး နှစ်စီးမှာ ပေ ၄၀ ခန့် ရှည်လျားပြီး သစ်တစ်လုံးထွင်း သစ်သားလှေအမျိုးအစားဖြစ်ပြီး ပြိုင်ပွဲဝင်လှေအသင်းသား ၆ ဦး ကောင်းစွာလှော်ခတ် ယှဉ်ပြိုင်နိုင်ခဲ့သည်။ ယခုနှစ်တွင်အသုံးပြုမည့် ဖိုက်ဘာလောင်းလှေကြီး နှစ်စီးမှာလည်း ၃၅ ပေ ကျော် ရှည်လျားပြီး ပြိုင်ပွဲဝင်လှေများအဖြစ် ကောင်းမွန်စွာအသုံးပြုနိုင်သည်။
မိတ္ထီလာဖောင်တော်ဦး ဘုရားပွဲတော်လှေပြိုင်ပွဲတွင် နှစ်စဉ်နှစ်တိုင်းအသုံးပြုခဲ့သည့် သစ်သားလောင်းလှေကြီးနှစ်စီးကို လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော်က လှေပြိုင်ပွဲကျင်းပရာအတွင် အသုံးပြုရန် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးဒေသဘက်မှ ဝယ်ခဲ့ခြင်းဖြစ်သည်။ ယခုဖောင်တော်ဦးဘုရားပွဲ လှေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လှေအသင်းများအား ဖိုက်ဘာလှေလောင်း နှစ်စီးဖြင့် အကြိုလေ့ကျင့် လှော်ခတ်ခြင်းများ ခွင့်ပြုပေးမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လှေအမည်များကိုမူ ယခင်အတိုင်း ကြံတိုင်းအောင်နှင့် ရန်ကင်းမောင်ဟုသာ ဆက်လက်သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


