မကွေး ၂၄ ဩဂုတ်
မကွေးတိုင်းဒေသကြီး စကုမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ရတနာပုံခေတ်လက်ရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် သစ်သားရုပ်စုံကျောင်းများနှင့် ရိုးရာဓလေ့ဆင်ယင်ထုံးဖွဲ့မှုဖြစ်သည့် ဆံရစ်ဝိုင်း ယဉ်ကျေးမှုများတည်ရှိရာ ရေဘုတ်ကြီးကျေးရွာသို့ ပြည်တွင်းပြည်ပခရီးသွားများ အလွယ်တကူ ဝင်ရောက် လေ့လာနိုင်ရန် နေ့ချင်းခရီးစဉ် (one day trip) အဖြစ် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မကွေးအခြေစိုက် My Apex ခရီးသွားကုမ္ပဏီမှ ခရီးစဉ်တာဝန်ခံ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း၌ ပုဂံခေတ်လက်ရာ စေတီပုထိုးများ၊ နံရံဆေးရေးပန်းချီများ ပေါများစွာ တည်ရှိနေသည့်အပြင် နှစ်ပေါင်း ၁၀ဝ ကျော်သက်တမ်းရှိ ရတနာပုံခေတ်လက်ရာ ရှေးဟောင်းသစ်သား ရုပ်စုံကျောင်းများအဖြစ် စကုမြို့နယ်တွင် စကုရုပ်စုံကျောင်းနှင့် မှန်ကင်းရုပ်စုံကျောင်း၊ ပွင့်ဖြူမြို့နယ်တွင် လယ်ကိုင်းရုပ်စုံကျောင်း၊ စလင်းမြို့နယ်တွင် စလင်းရုပ်စုံကျောင်းနှင့် စလေမြို့နယ်တွင်လည်း စလေရုပ်စုံကျောင်းတို့မှာ ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်မှုများဖြင့် ယနေ့တိုင် ခံ့ညားထည်ဝါစွာ တည်ရှိနေကြောင်း သိရသည်။
“မကွေးတိုင်းဒေသကြီးမှာ ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်လက်ရာ အဆောက်အအုံတွေ အများကြီးရှိပေမယ့် လာရောက်လည်ပတ်လေ့လာသူ နည်းပါးနေသေးတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပ ခရီးသွားတွေ ပိုမိုဝင်ရောက်လေ့လာနိုင်ဖို့အတွက် ခရီးစဉ်တစ်ဆက်တည်းဖြစ်တဲ့ စကုမြို့နယ်နဲ့ ပွင့်ဖြူ မြို့နယ်ထဲက ရုပ်စုံကျောင်းတွေနဲ့ ပွင့်ဖြူမြို့နယ် ရေဘုတ်ကြီး ကျေးရွာမှာရှိတဲ့ ဆံရစ်ဝိုင်းဓလေ့ကို တစ်ရက်တည်းနဲ့အပြီး သွားရောက်လည်ပတ်လို့ရအောင် မကွေးမြို့အခြေစိုက် My Apex ခရီးသွား ကုမ္ပဏီနဲ့ ရန်ကုန်က ခရီးသွားကုမ္ပဏီတွေ ပူးပေါင်းပြီး ခရီးစဉ်တွေ ရေးဆွဲနေပါပြီ။ ခရီးသွားကုမ္ပဏီတွေက သူတို့ရဲ့ ခရီးစဉ်တွေမှာ ဒီဒေသကို ထည့်သွင်းနိုင်ဖို့ အရင်ဆုံး လာရောက်လေ့လာမှုတွေ ဆောင်ရွက်ကြတော့မှာ ဖြစ်ပါတယ်။ ကျွန်မကတော့ ဒီအမွေအနှစ်ဒေသတွေရဲ့ ခရီးစဉ်တွေကို ရေးဆွဲ ပေးမယ့်အပြင် သမိုင်းဆိုင်ရာအချက်အလက်တွေကို ရှင်းလင်း ပြောဆိုပေးဖို့ ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ပြောသည်။
ထို့ပြင် ရှေးဟောင်းစကုရုပ်စုံကျောင်းနှင့် မှန်ကင်းကျောင်းများတည်ရှိရာ စကုမြို့နယ်မှ ဒေသခံ ကိုဇော်မျိုးဦးက “အရင်တုန်းက မကွေးမြို့ကို ခရီးသွားတွေ လာရောက်ကြပေမယ့် ကျွန်တော်တို့မြို့က စကုရုပ်စုံ ကျောင်းတော်ကြီးကို မသိကြဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့တစ်နှစ်ကျော်ကစပြီး ကျွန်တော်တို့ ဒေသခံတွေရဲ့ ကြိုးပမ်းမှုကြောင့် ပြည်တွင်းပြည်ပခရီးသွားတွေနဲ့ ပညာရှင်တွေ လာရောက်လေ့လာမှု အနည်းငယ်တော့ ရှိနေပါပြီ။ ဒီစကုရုပ်စုံကျောင်းကို ဆရာတော်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်သွားဖို့ ရှေးဟောင်းဌာနနဲ့ ညှိနှိုင်းသွားမှာပါ။ ထူးခြားပြောင်မြောက်လှတဲ့ ရုပ်လုံးရုပ်ကြွ ပန်းပုလက်ရာတွေနဲ့တည်ဆောက်ထားတဲ့ ကျွန်တော်တို့မြို့က ရုပ်စုံကျောင်းကြီးတွေကို လေ့လာရင်း၊ အညာဒေသရဲ့ အေးချမ်း တဲ့အငွေ့အသက်မှာ လာရောက်အပန်းဖြေကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။
အဆိုပါ စကုသစ်သားရုပ်စုံကျောင်းကို တည်ဆောက်ခဲ့သည့် လက်မှုပညာရပ်များကို လေ့လာ၍ ရတနာပုံခေတ်က ဆောက်လုပ်လှူဒါန်းခဲ့သည်ဟု ခန့်မှန်းထားပြီး သက္ကရာဇ် ၁၂၈၇ ခုနှစ်တွင် စလင်းသူကောင်းမျိုးများက ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံထားကာ တိုင်ပေါင်း ၁၇၂ တိုင်ပါရှိ၍ ကျောင်းဆောင် တစ်ခုလုံးအား ဝိဒူယဇာတ်တော်တစ်ခုတည်းဖြစ်သော ရုပ်လုံး ရုပ်ကြွပန်းပုလက်ရာများ ထွင်းထုထားကြောင်းနှင့် မှန်ကင်းရုပ်စုံ ကျောင်းအား သက္ကရာဇ် ၁၂၄၂ ခုနှစ်တွင် စလင်းသူကောင်းမျိုး များဖြစ်ကြသည့် ဦးစိုင် + ဒေါ်ငွေတို့က ဆောက်လုပ်လှူဒါန်းခဲ့ပြီး တိုင်အလုံးပေါင်း ၁၃၆ တိုင်နှင့် အုတ်လှေကား သုံးစင်း တပ်ဆင်ထားကာ ပြာသာဒ်ဆောင်၊ စနုဆောင်နှင့် ဆောင်မကြီးတို့ ပါရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


