ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခံတွင်းကျန်းမာရေးလို့ ဆိုလိုက်တာနဲ့ သွားသန့်ရှင်းမှုကိုပဲ ပြေးမြင်တတ်ကြသည်။ အပြုံးလှလှလေးတစ်ခု ပိုင်ဆိုင်ဖို့ သွားဖြူဖြူလေးများက အရေးကြီးရုံသာမက ပန်းသွေးရောင် သွားဖုံးလေးများကလည်း အရေးကြီးသည်။ သင့်တွင် ပိုးပေါက်ကင်းပြီး ဖြူဖွေးသော သွားများရှိနေရုံဖြင့် သွားဖုံးကျန်းမာရေး ကောင်းနေမည် အာမခံ၍မရ။ သွားဖုံးရောဂါများ၏ အစောပိုင်းအဆင့်သည် မနာသဖြင့် သတိမထားမိကြသည်ကများသည်။ မကုဘဲ ကြာကြာထားလျှင် ဆိုးရွားစွာ သွားဖုံးအားထိခိုက်နိုင်သောကြောင့် သွားဖုံးကျန်းမာရေးကိုလည်း ဂရုစိုက်ထိန်းသိမ်းသင့်သည်။

သွားဖုံးရောဂါဆိုတာဘာလဲ။

သွားဖုံးရောဂါတွေသည် စားကြွင်းစားကျန်များနှင့် ဘက်တီးရီးယားများဖြင့် ပြည့်နေသော သွားချေးများ သွားဖုံးအောက်တွင် ကပ်နေရာမှ ကြာလျှင်ပိုးဝင်ပြီး သွားဖုံးရောင်ခြင်းမှ စသည်။ သွားဖုံးရောဂါများသည် အစပိုင်းတွင် မနာသော်လည်း ကြာလာသောအခါ

-    သွားဖုံးများ ကြွနေသည်ဟု ခံစားရခြင်း

-    နီမြန်းခြင်း

-    ဖောင်းနေခြင်း

-    လျှာနှင့်ထိရုံနှင့်ပင် နာနေခြင်း နှင့်

-    သွားဖုံးသွေးထွက်လွယ်ခြင်းတို့ ဖြစ်နိုင်သည်။

အစပိုင်းတွင် သွားကိုထိန်းထားသော အရိုးနှင့် တစ်ရှူးများကို ထိခိုက်ခြင်းမရှိသည့် အတွက်ကြောင့် သွားဖုံးရောင်ခြင်းများသည် သူ့ဘာသာ ပြန်ကောင်းတတ်သည်။ သို့သော် ကြာလာလျှင်  သွားကိုထိန်းထားသော အရိုးများ သွားဖုံးတစ်ရှူးဆဲလ်များအား လှိုက်စားပြီး နောက်ဆုံးအဆင့် အနေဖြင့် သွားများကျွတ်ထွက်ခြင်း၊ သွားဖုံးကွာကျခြင်း နှင့် ရေစီးကမ်းပြိုခြင်းများဖြစ်တတ်သည်။ ထိုအခါ သင့်တွင် သွားများမရှိတော့ အပြုံးလှလှ ပိုင်ဆိုင်ဖို့ အလှမ်းဝေးသွားသည့်အပြင် ခံတွင်းနံ့များလည်း ဆိုးနေမည်ဖြစ်သည်။ ဒီလို ကြောက်စရာကောင်းသော သွားဖုံးရောဂါများအား မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်နိုင်ပါသည်။

သွားဖုံးကို ဘယ်လို ဂရုစိုက်ထိန်းသိမ်းမလဲ။

သွားတိုက်တာအပြင် သွားပွတ်ကြိုးကို သုံးပါ

သွားနှင့်ခံတွင်း သန့်ရှင်းပြီး သွားဖုံးကိုပါ ကျန်းမာစေဖို့ သွားမှန်မှန်တိုက်ပေးရုံသာမက သွားဖုံးနှင့် သွားကြားထဲ အစာညပ်ခြင်းများ ကင်းဝေးစေရန် သွားပွတ်ကြိုးကိုသုံးပြီး သွားကြားထဲမှ အစာများကို ထုတ်ပေးသင့်သည်။ သွားပွတ်ကြိုးကို သွားတိုက်သလိုပဲ ညအိပ်ရာဝင်ခါနီးချိန်ဖြစ်ဖြစ် အစာစားပြီးချိန်ဖြစ်ဖြစ် တိုက်ပေး၍ ရသည်။ ဒါမှသာ သွားနှင့်သွားဖုံးကြား ညပ်နေသော အစာများကို သန့်ရှင်းပေးပြီးသား ဖြစ်မှာဖြစ်တယ်။

ကျွမ်းကျင်သော သွားဆရာဝန်များထံ သွား၍ ခံတွင်းကျန်းမာရေး မှန်မှန်စစ်ဆေးပါ။

သင်ဆရာဝန်များထံ မှန်မှန်သွားပြလျှင် ဆရာဝန်များမှ သွားဖုံးရောဂါအား နောက်မကျမီ တွေ့ရှိနိုင်သည်။ အချို့သော သွားချေးများသည် သွားတိုက်ရုံနှင့်ပင် မစင်သော အတွက်ကြောင့် သွားဆရာဝန်များထံသွား၍ ကျောက်ခြစ်ခြင်းများပြုလုပ်သင့်သည်။ အကယ်၍ သင့်တွင် သွားဖုံးရောင်ခြင်းများရှိလျှင် သွားမှန်မှန်တိုက်ခြင်း၊ သွားပွတ်ကြိုးများသုံးခြင်း၊ ဆရာဝန်များထံ မှန်မှန်သွားခြင်းဖြင့် သွားဖုံးရောင်ခြင်းကို ပိုဆိုးမလာခင် ကြိုတင်ကာကွယ်နိုင်သည်။

ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက သွားနှင့် သွားဖုံးကျန်းမာရေးကို လည်း ဆေးလိပ်သည် ဒုက္ခပေးနိုင်သည်။ ဆေးလိပ်သည် သင့်ခုခံအားစနစ်ကို ထိခိုက်စေသည့်အတွက်ကြောင့် သွားဖုံးပိုးဝင်ခြင်းကို ခန္ဓာကိုယ်မှ တိုက်ထုတ်ခြင်း လုပ်ငန်းစဉ်အား ထိခိုက်နိုင်သည်။ ဆေးလိပ်သောက်ခြင်းဖြင့် သင့်သွားဖုံးအနာများ ပြန်ကျက်ခြင်းကိုလည်း ထိခိုက်စေပါသည်။

တစ်နေ့နှစ်ကြိမ်သွားတိုက်ပါ။

သွားတစ်နေ့နှစ်ကြိမ် ပုံမှန်တိုက်ခြင်းဖြင့် သွားဖုံးတွင် အစာများ ကပ်နေခြင်းကို သန့်စင်ပေးသည့်အပြင် သွားပိုးစားခြင်းများကိုပါ ကာကွယ်ပေးပြီးသားဖြစ်သည်။ သွားကို တစ်နေ့နှစ်ကြိမ်တိုက်ပြီး တစ်ခါတိုက်လျှင် ၂ မိနစ်အနည်းဆုံး တိုက်သင့်ပါသည်။ သွားကို နှံ့စပ်အောင်တိုက်ရမည့်အပြင် မှန်ကန်သော သွားတိုက်နည်းနှင့်လည်း တိုက်ရန်လိုအပ်သည်။ သွားတိုက်သည့်အပြင် လျှာကိုပါ တိုက်သင့်ပါသည်။

မှန်ကန်သောသွားတိုက်တံရွေးချယ်ပါ။

သွားပွတ်တံကောင်းတစ်ခုသည် သွားကိုသန့်ရှင်းစေရုံ အတွက်သာမက သွားဖုံးအတွက်လည်း ကောင်းမွန်စေသည်။ သွားပွတ်တံကြမ်းများသည် သင့်သွားဖုံးကို ပွန်းစေခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေနိုင်သည်။ ထို့ကြောင့် သွားပွတ်တံ နုနုလေးများအား ရွေးချယ်၍ တိုက်သင့်ပါသည်။

ဖလိုရိုက်ပါသော သွားတိုက်ဆေးကို ရွေးချယ်ပါ။

ဈေးကွက်တွင် သွားဖုံးရောင်ခြင်းများသက်သာစေရန်အတွက် ထုတ်ထားသော သွားတိုက်ဆေးများရှိနေပြီဖြစ်သည်။ ထိုအထဲတွင်မှ ဖလိုရိုက်ပါသော သွားတိုက်ဆေးများသည် သွားဖုံးရောင်ခြင်းကို သက်သာစေခြင်း၊ ခံတွင်းနံ့ကောင်းစေခြင်းနှင့် သွားများကိုဖြူဖွေးစေပါသည်။ ထို့ကြောင့် သွားတိုက်ဆေးဝယ်ရန် ရွေးချယ်ရခက်နေလျှင် ဖလိုရိုက်ပါသော သွားတိုက်ဆေးများကို ဝယ်ယူရန် အကြံပေးချင်ပါသည်။

ခံတွင်းသန့်ဆေးရည်များကိုသုံးပါ။

ခံတွင်းသန့်ဆေးရည်များသည် ပါးစပ်တွင်းရှိ ဘက်တီးရီးယား ပိုးမွှားများကို သေစေနိုင်ပြီး အစာဟောင်းများနှင့် ဓာတ်ပြုခြင်းကို လျော့ပါးစေခြင်းဖြင့် သွားဖုံးနှင့် သွားကြားတွင် အစာကပ်ခြင်းကို နည်းပါးစေသည်။ ဤသို့ဖြင့် သွားဖုံးတွင် ပိုးဝင်ခြင်းများမရှိတော့ဘဲ သွားဖုံးရောဂါများလည်း ကင်းဝေးစေနိုင်ပါသည်။

ခံတွင်းကျန်းမာရေးဟုဆိုလိုက်လျှင် သွားနှင့် လျှာတင်မဟုတ် သွားဖုံးကိုပါ ဂရုစိုက်သင့်ပါသည်။ အထက်ဖော်ပြထားသော နည်းများကို လိုက်နာခြင်းဖြင့် သွားဖုံးရောဂါများ ကင်းဝေးကြပါစေ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”