ဖားကန့် ၂၄ သြဂုတ်


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်း အစီအစဉ်ကို ယခုလနောက်ဆုံးပတ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ဖားကန့်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့မိ/မြို့ဖများ တွေ့ဆုံ၍ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းအစီအစဉ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။

 

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးသွားမှာက (၉၆) မြို့နယ်ရှိပါတယ်၊ ကချင်ပြည်နယ်မှာတော့ ကျွန်တော်တို့ ဖားကန့်မြို့နယ်အပါအဝင် (၁၇)မြို့နယ် ဖြစ်ပါတယ်၊ ဇွန် ၂၃ ရက်နေ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ထဲက ကလေးသုံးဦးမှာ အသွင်ပြောင်း ပိုလီယိုပိုးတွေ့ခဲ့ရပါတယ်၊ ကျွန်တော်တို့ဒေသသည်လည်း ရွှေ့ပြောင်းအခြေချနေထိုင်မှု များပြားတဲ့အတွက် ကူးစက်ပျံ့နှံမှုကို ရှောင်ရှားနိုင်ဖို့ ကာကွယ်ဆေး မရရှိသေးတဲ့ကလေးများကို ကာကွယ်ဆေးပေးနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သိန်းမြင့်ဝေက ပြောကြားသည်။


ကမ္ဘာပေါ်တွင် ပိုလီယိုရောဂါသည် (၃)နိုင်ငံတွင် အရိုင်းပိုးဖြင့် ဆက်လက်ကူးစက်လျက်ရှိပြီး (၁၄)နိုင်ငံတွင် အသွင်ပြောင်း ပိုလီယိုပိုးအနေဖြင့် ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။


ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးမည့် မြို့နယ်များအဖြစ် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပထဝီအနေအထားအရ ခက်ခဲခြင်း၊ နယ်မြေမငြိမ်သက်ခြင်း၊ ရွှေ့ပြောင်းလူအုပ်စုများ နေထိုင်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းမဆောင်ရွက်နိုင်ခြင်း ကဲ့သို့သော အကြောင်းများကို မကျော်လွှားနိုင်ဘဲ ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသော မြို့နယ်(၉၆)မြို့နယ်အား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးမှ ဆက်လက်ရှင်းပြသည်။


ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းအား မွေးကင်းစမှ အသက်ငါးနှစ်အရွယ် ကလေးများအားလုံးကို သြဂုတ်လတွင်တစ်ကြိမ်၊ အောက်တိုဘာလတွင်တစ်ကြိမ် နှစ်လခြား ဆက်တိုက်နှစ်ကြိမ် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။


တစ်ဆက်တည်းအနေဖြင့် ကျန်းမာရေးဦးစီးဌာနမှ တစ်နိုင်ငံလုံး ဝက်သက်-ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ရေးအတွက် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း အစီအစဉ်အရ အသက်(၉)လမှ (၅)နှစ်(၆)လမကျော်သည့် ကလေးများအား ကာကွယ်ဆေး လွှမ်းခြုံမှုအားနည်းသည့် ယခု(၉၆)မြို့နယ်တွင် အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၉ ရက်အထိလည်းကောင်း၊ ကျန်(၂၃၄)မြို့နယ်တွင် နိုဝင်ဘာ ၂၆ရက်မှ ၂၈ ရက်အထိလည်းကောင်း၊ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တာလင်းမောင်(ပြန်/ဆက်)