ရန်ကုန် ၂၄ သြဂုတ်
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် တက္ကသိုလ်များ ဓမ္မာရုံမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ်များ ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် နှစ်ပေါင်း (၁၀ဝ) ပြည့်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ကို နိုင်ငံတော်အဆင့်ကျင်းပနိုင်ရန် ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းထားရှိပြီး ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာပြည့်သဘင်အခမ်းအနားများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ နိုင်ငံတော်အဆင့် ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားများ ကျင်းပရာတွင် ရန်ကုန်တက္ကသိုလ်၏ဂုဏ်သိက္ခာ အဆင့်အတန်းနှင့်အညီ အများကတန်ဖိုးထားလေးစားပြီး နိုင်ငံတကာအဆင့် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်အဖြစ် အဆင့်ပြန်လည်မြှင့်တင်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း။
ရန်ကုန်တက္ကသိုလ်၏ သမိုင်းကြောင်းကို ကြည့်ပါက အောင်မြင်ခဲ့သည့် သမိုင်းကြောင်းအစဉ်အလာများ ရှိသကဲ့သို့ သင်ခန်းစာရယူရမည့် သမိုင်းကြောင်းများလည်းရှိပါကြောင်း၊ တက္ကသိုလ်အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို အထောက်အကူပြုပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင် သင်ကြားသင်ယူလေ့ကျင့်ပေးခြင်းကို ဦးတည်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် (၁၃၀၇၂)ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့အဆင့်(၇၂၂၁) ဖြစ်လာသည်အထိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ၏ ဝိုင်းဝန်းပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းမွမ်းမံပြင်ဆင်ရေး၊ ပညာရေးမြှင့်တင်မှုအစီအစဉ်များ ဖြည့်ဆည်းရေးဆောင်ရွက်နိုင်ရန် Master Plan ရေးဆွဲဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကျင်းပရေး လုပ်ငန်းတစ်ခုအဖြစ် တက္ကသိုလ်များဓမ္မာရုံ မွမ်းမံပြင်ဆင်ရေး ဆောင်ရွက်ရန် အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုများသည် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်သဖြင့် တန်ဖိုးထားဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့လှူဒါန်းသော အလှူရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ ယခုနှစ် ဒီဇင်ဘာလမှစ၍ နှစ်(၁၀ဝ)ပြည့်အခမ်းအနားများကို (၁)နှစ်ပတ်လုံး ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ကို အဘက်ဘက်က ပြန်လည်ပြုပြင်မွမ်းမံရန် ကော်မတီများကို ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ပွဲတော်ကို မိမိတို့တာဝန်ရှိသူများကသာ ဦးစီးဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကျောင်းတော်ကြီးတွင် တက်ရောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သည့် နှစ်(၁၀ဝ)ပြည့် အခမ်းအနားဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက္ကသိုလ်များဓမ္မာရုံ မွမ်းမံပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းမှ ဓမ္မာရုံမွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဥမ္မာကျော်က ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းရှင်များ၊ ကျောင်းသူကျောင်းသားဟောင်းများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များမှ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူကြရာ အလှူရှင် စုစုပေါင်း (၃၂)ဦးမှ အလှူငွေကျပ် (၁၀၅၆)သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


