နေပြည်တော် ၂၄ သြဂုတ်


မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့် ဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတဝန်းမှ အလှူရှင်များက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလှူငွေ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လာရောက်လှူဒါန်းလျက်ရှိသည်။ 


မတ္တရာမြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်၍ မတ္တရာမြို့သူ/မြို့သား၊ နယ်သူ/နယ်သားများက လှူဒါန်းငွေကျပ် ၁,ဝ၀ဝ,ဝ၀ဝ နှင့် ငွေကျပ် ၄,၆၃၃,ဝ၀ဝ တန်ဖိုးရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် ဘေးဒုက္ခခံစားနေရသော ပြည်သူများအတွက် စာနာစိတ်ဖြင့် လှူဒါန်းကြခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ ယခု လာရောက်လှူဒါန်းသူများသည် နေထိုင်ရာဒေသချင်းကွဲပြားသော်လည်း တစ်စိတ်တစ်ဝမ်းတည်းရှိသော ပြည်သူများဖြစ်ကြသည်ကို ပြသခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထူထောင်ထားသော ရန်ပုံငွေသို့ ဤလှူဒါန်းငွေများကို တိုက်ရိုက်ထည့်သွင်းပြီး ဘေးသင့်ဒေသများ၏ လိုအပ်ချက်အလိုက်ထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အလေအလွင့်မရှိအောင် စနစ်တကျ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 


သတင်းစဉ်