မြဝတီ ၂၄ သြဂုတ်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး လုပ်ငန်းတွင် မြဝတီမြို့၌ အခြေစိုက်စခန်း ၄ ခု၊ မဲဆောက်ဒေသတွင် အခြေစိုက်စခန်း ၁၇ ခုဖြင့် ကျောင်းသား၊ ကျောင်းသူ ၅၆၃ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း မြဝတီမြို့၊ သောင်ရင်းခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည့် မြဝတီမြို့နယ်၊ ကျောင်းပြင်ပပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အဖွင့်အမှာစကား ပြောကြားရာ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ယူနိုင်ခဲ့သော ကလေးများအတွက် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ချိတ်ဆက်ပြီး ပညာရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ဒုတိယအကြိမ် အခွင့်အလမ်း စီမံဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် မွန်မြတ်လှသည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားလုံးပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ ပြည်နယ်ကြီးကြပ်ရေးမှူး ဒေါ်နန်းမြင့်တင်က ကျောင်းပြင်ပ ပညာရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီး မြဝတီမြို့နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်က သင်တန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက အခြေစိုက်စခန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများကို တာဝန်ပေးအပ်လွှာများ ပေးအပ်သည်။ ထို့နောက် ကျောင်းပြင်ပပညာရေးစနစ်မှ ထူးချွန်စွာ အောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးပြီး ကျောင်းပြင်ပပညာရေး သင်တန်းသား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ မြဝတီမြို့တွင် အခြေစိုက်စခန်း ၄ ခု၊ မဲဆောက်ဒေသတွင် အခြေစိုက်စခန်း ၁၇ ခုဖြင့် ကျောင်းသား၊ ကျောင်းသူ ၅၆၃ ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်သည်။
အဆိုပါ ကျောင်းပြင်ပပညာရေးစနစ်မှ ပညာသင်ယူခဲ့ပြီး ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများသို့ ပဉ္စမတန်းတွင် ၂၀၅ ဦး၊ ဆဋ္ဌမတန်းတွင် ၁၁၄ ဦး၊ သတ္တမတန်းတွင် ၆၀ ဦး၊ အဋ္ဌမတန်းတွင် ၂၃ ဦး၊ နဝမတန်းတွင် ၃၁ ဦး၊ ဒသမတန်းတွင် ၄ ဦး ပညာဆက်လက်ဆည်းပူးနေပြီဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


