နေပြည်တော် ၂၄ ဩဂုတ်
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၊ ဒဂုံဆိပ်ကမ်းဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်၊ ယုဇနအိမ်ရာရှိ အဆောက်အအုံ အမှတ်(၂၈)တွင် ကျင်းပသည်။
အစီအစဉ် ပထမပိုင်းတွင် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၊ ဒဂုံဆိပ်ကမ်းဘဏ်ခွဲအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ ဒဂုံဆိပ်ကမ်း ဘဏ်ခွဲဆိုင်းဘုတ်အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက CHID ဘဏ်သည် နိုင်ငံတော်အတွင်း ဆောက်လုပ်ရေး၊ မြို့ပြနှင့်အိမ်ရာကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက် တစိုက်မတ်မတ်ဆောင်ရွက်သွားမည့် ဖွံဖြိုးရေးဘဏ်ဖြစ်ပါကြောင်း ဘဏ်တစ်ခု၏ လုပ်ငန်းစဉ်များဖြစ်သောငွေများလက်ခံခြင်း၊ ချေးငွေထုတ်ချေးခြင်း၊ ငွေပေးအမိန့်လက်မှတ်ရောင်းချခြင်း၊ Debit Card ထုတ်ဝေခြင်း၊ ငွေလွှဲပို့ခြင်း စသည့် Commercial ဘဏ်လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ငွေလွှဲလုပ်ငန်းအနေဖြင့် ဘဏ်ခွဲအရေအတွက် နည်းသော်လည်း မြန်မာနိုင်ငံသားများဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ နေပြည်တော်စည်ပင်ဘဏ်၊ ရွှေဘဏ်များနှင့် ချိတ်ဆက်ထားသည့်အတွက် ယင်းဘဏ်များရှိသော မြို့၊ ဒေသများသို့ ငွေလွှဲပို့နိုင်ပါကြောင်း၊ ဘဏ်၏အဓိကအားသာချက်မှာ Development Bank ဖြစ်သည့်အလျောက် နှစ်ရှည်ချေးငွေများဖြင့် အိမ်ရာချေးငွေစနစ်နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ချေးငွေများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါကြောင်း၊ ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့် ရရှိစေရေးအတွက် အိမ်ရာများကို ဂျပန်နိုင်ငံ ODA Loan (Two-step Loan) အစီအစဉ်အရ အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေဖြင့် JICA, ODA Loan criteria နှင့် ကိုက်ညီသော အိမ်ရာများအတွက် Housing Mortgage Loan များ ချေးပေးနေပြီဖြစ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် တန်ဖိုးနည်းတန်ဖိုးသင့်နှင့် တန်ဖိုးမြင့်အိမ်ရာ စီမံကိန်းတိုက်ခန်းများ ဝယ်ယူသူများကို ချေးငွေထုတ်ချေး ပေးလျက်ရှိပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများဖြစ်သည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း(၁)၊ (၂) နှင့် ကနောင်အိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ အပိုင်း(၂)(၃)နှင့် တန်ဖိုးသင့်အိမ်ရာ စီမံကိန်းဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းနှင့် ထီးလှိုင်ရှင်အိမ်ရာ စီမံကိန်းတို့ကို ရောင်းချပေးနေပါကြောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်တွင် ဆောင်ရွက်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန် များသာမက အနာဂတ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ရန်စီစဉ်လျက်ရှိသည့် နိုင်ငံတစ်ဝန်းလုံးရှိ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကိုပါ ထုတ်ချေးပေးသွားရန်လည်း စီမံထားရှိပါကြောင်း၊ ယခုလို ထုတ်ချေးပေးခြင်းဖြင့် အိမ်ရာကဏ္ဍအတွက် အိမ်ရာနှစ်ရှည်ချေးငွ ဈေးကွက် ပေါ်ထွန်းလာပြီး ဝင်ငွေ အလယ်အလတ်ရှိသူများနှင့် ဝင်ငွေနည်းပြည်သူများစွာ အိမ်ရာပိုင်ဆိုင်ခွင့် ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ဝင်ငွေနည်းပြည်သူများအနေဖြင့် တန်ဖိုးနည်းအိမ်ရာများ ပိုင်ဆိုင်ခွင့်ရရှိရန်အတွက် သတ်မှတ်ထားသည့် ကြိုတင်ငွေများပေးသွင်းနိုင်ကြရန် CHID ဘဏ်တွင် Housing Savings များ လာရောက်စုဆောင်းထားကြရန် တိုက်တွန်းလိုပါကြောင်း၊ CHID ဘဏ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရရှိထားသည့်အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းများဖြစ်သည့် နိုင်ငံခြားငွေလဲလှယ်ခြင်း၊ နိုင်ငံခြားငွေ စာရင်းရှင်များ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ငွေလွှဲစာတမ်းများ ဖွင့်လှစ်လက်ခံခြင်း၊ TT စနစ်ဖြင့် အပြည်ပြည်ဆိုင်ရာသို့ ငွေလွှဲပေးခြင်း၊ LC (Letter of Credit)၊ BG (Bank Guarantee)၊ လေလံအာမခံ (Bid Bond Guarantee) နှင့် လုပ်ငန်းဆောင်ရွက်မှုအာမခံ (Performance Guarantee) များကိုလည်း နိုင်ငံခြားအဆက်အသွယ် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ယနေ့တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးဆိုင်ရာ ဝန်ထမ်းအကြီးအကဲများ၊ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများက CHID ဘဏ်ကို ယုံယုံကြည်ကြည်နှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြုပေးစေလိုပါကြောင်း၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်သည် လာမည့်အနာဂတ်ကာလတွင် နိုင်ငံတော်ကရည်မှန်းထားသည့်အတိုင်း မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး နေထိုင်မှုအဆင့်အတန်း မြင့်မားလာရေးကို အလေးပေးဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အတွက် ပြည်သူလူထုအတွက် အားကိုးယုံကြည်ရသော ဘဏ္ဍငွေကြေးအရင်းအမြစ် ထောက်ပံ့ပေးနိုင်သော ဘဏ်အဖြစ် ဆက်လက်ကြိုးပမ်း တည်ဆောက်သွားရန် အလေးအနက် တိုက်တွန်းပါကြောင်းပြောကြားသည်။
ဆက်လက်၍ အစီအစဉ် ဒုတိယပိုင်းကို ကျင်းပရာ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ ဒဂုံဆိပ်ကမ်းဘဏ်ခွဲအထိမ်းအမှတ် ကမည်းမော်ကွန်းကြေးပြားကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များက အမွှေးနံ့သာရေများ ပက်ဖျန်းပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘဏ်ခွဲအတွင်း လှည့်လည်ကြည့်ရှုသည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်ကို Semi – Government Bank အဖြစ် စတင်တည်ထောင်ခဲ့ရာ ယနေ့ဆိုလျင် သက်တန်း(၅)နှစ်ကျော်ရှိပြီး ထိုကာလအတွင်း ရန်ကုန်မြို့တွင် ဘဏ်ခွဲ(၄)ခု၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ မကွေး၊ မုံရွာ၊ ဘားအံနှင့် ယနေ့ဖွင့်လှစ်သည့် ဒဂုံဆိပ်ကမ်းဘဏ်ခွဲ အပါအဝင် စုစုပေါင်းဘဏ်ခွဲ (၁၃)ခုရှိပြီဖြစ်သည်။ ဆက်လက်၍ (၁၄)ခုမြောက် ပဲခူးဘဏ်ခွဲကိုလည်း မကြာမီဖွင့်လှစ်သွားမည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


