မိုင်းပန် ၂၅ သြဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မီနီမာရသွန်ပြုင်ပွဲကို (သက်ကြီးတန်း ကျား/မ)၊ (သက်ငယ်တန်း ကျား/မ) ခွဲ၍ မုံးထော်-မုံးထ (မိုင်တိုင်အမှတ် ဝ/ဝ) မှ စတင်တာလွှတ်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသူကျောင်းသားများအား အခြေခံပညာ အလယ်တန်းကျောင်း (မွေတော်) ရှေ့တွင် Check Point (1)၊ မြို့နယ်စိုက်ပျိုးရေးရုံးအနီးတွင် Check Point(2) သတ်မှတ်၍ တာဝန်ရှိသူများမှ ရောက်ရှိဖြတ်သန်း အမှတ်အသားမှတ်သား၍ မြို့အဝင်ဆိုင်းဘုတ်အနီး (Final Point)၌ တာဖမ်းခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သက်ကြီးတန်း ကျား/မပေါင်း (၁၉၇) ဦး သက်ငယ်တန်း ကျား/မပေါင်း (၃၆၉) ဦး စုစုပေါင်း (၅၆၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ပထမဦးဆုံးပန်းဝင်လာကြသည့် သက်ကြီးတန်းကျောင်းသား ကျား (၁ဝ) ဦး၊ မ (၁ဝ) ဦးနှင့် သက်ငယ်ကျောင်းသား ကျား (၁ဝ) ဦး၊ မ (၁ဝ) ဦး စုစုပေါင်း (၄ဝ) ဦးတို့အား လင်းခေးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးမွန်၊ မြို့နယ်အားကစား ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ ဆုတံဆိပ်နှင့် ဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြပြီး နံနက် ၇ နာရီခွဲတွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
ကိုဆန်း (မိုင်းပန်)


