ကန့်ဘလူ ၂၅ ဩဂုတ် 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ပဲတီစိမ်းသီးနှံများအား ပြည်ပဈေးကွက် (ဥရောပသမဂ္ဂဈေးကွက်) ရရှိရေး ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား သိရှိစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ဩဂုတ် ၁၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

 

26

 

ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက အမှာစကားပြောကြားရာတွင် တစ်နိုင်ငံလုံး ပဲတီစိမ်းစိုက်ပျိုးဧက ၂၉ သိန်းကျော်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဒုတိယအများဆုံးဖြစ်ကြောင်း၊ မြို့နယ်များအနက် ကန့်ဘလူမြို့နယ်သည် တတိယအများဆုံး စိုက်ပျိုးကြောင်း၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များကဲ့သို့ ကန့်ဘလူခရိုင်ကိုလည်း ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယခုလိုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆွေးနွေးပွဲကျင်းပရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသန်း၊ စိမ်းရောင်သန်းသော စစ်ကိုင်းမြေကုမ္ပဏီ(GSR) အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စွမ်းရည်ဇော်တို့က ပဲတီစိမ်းမျိုးကောင်းမျိုးသန့် စနစ်တကျ ထုတ်လုပ်ခြင်းအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေဖြူက ပဲတီစိမ်း တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ဥရောပဈေးကွက် အခြေအနေများကိုလည်းကောင်း၊ ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ ကန့်ဘလူမြို့ ပဲ၊ နှမ်းကုန်သည် ဦးနွေဦးတို့က ကုန်စည်ဒိုင်ဖွင့်လှစ်ခြင်းနှင့် လက်ရှိဖြစ်ပေါ်နေသော ဈေးကွက်ဝယ်လိုအား ရောင်းလိုအား အခြေအနေများကိုလည်းကောင်း၊ Good Brother လယ်ယာသုံး စက်ကိရိယာကုမ္ပဏီမှ ဦးဇော်ဝင်းအောင်က တောင်သူသုံးစက်ကိရိယာများ ရောင်းချပေးနေမှုကိုလည်းကောင်း ဆွေးနွေးကြသည်။

ထို့နောက် အဖွဲ့သုံးဖွဲ့ခွဲ၍ စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်ပြီး ဈေးကွက်ဖော်ဆောင်မှု(အဖွဲ့-၁)မှ လေးချက်၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး(အဖွဲ့-၂)မှ ခုနစ်ချက်၊ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဈေးကွက်/ဈေးနှုန်းရရှိရေး (အဖွဲ့-၃)မှ ဆယ်ချက်တို့ကို စားပွဲဝိုင်းအဖွဲ့အလိုက် ဖော်ထုတ်ချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်သုံးသပ်ကာ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ကမ္ဘာတွင် မြန်မာနိုင်ငံသည် ပဲတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံများတွင် ပဲတင်ပို့မှုမှာ အများဆုံးဖြစ်ကာ နိုင်ငံစိုက်ပျိုးမြေ စုစုပေါင်း၏ ၂၂ ရာခိုင်နှုန်းသည် ပဲစိုက်သည့်ဧကများဖြစ်ကြသည်။ နှစ်စဉ် ပဲစိုက်ဧကမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတို့တွင် စုစုပေါင်း စိုက်ဧက ၁၁ သန်းကျော်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)