ပုလော  ၂၅ သြဂုတ်


တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မြေယာခွန်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်သူများအားချပြ ရှင်းလင်းပွဲကို သြဂုတ် ၂၄ ရက် မွန်းလွဲ (၂) နာရီက မကျဉ်းကုန်းကျေးရွာ၊ ပုလောမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တောင်သူလယ်သမားများ၊ ဒေသခံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်း များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဗိုလ်ထွေးတို့က မြေယာခွန်ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။


ယင်းနောက် မြိတ်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက တနင်္သာရီတိုင်းဒေသကြီး မြေယာခွန်ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက မြေယာခွန်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဖြည့်စွက်ရမည့် အချက်အလက်များ၊ အကြံပြုချက်များနှင့် ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ထိုနောက် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးဝေဝေလွင်က မြေယာခွန်ဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်း၍ နိဂုံးချူပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ထူးဝေယံ(ပြန်/ဆက်)