မယ်စဲ့ ၂၅ သြဂုတ်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေး/ ထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယမန်နေ့က မယ်စဲ့မြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက မယ်စဲ့မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း နှစ်ကြိမ်တိုက်ကျွေးခြင်းနှင့် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ NGO အဖွဲ့အစည်းများမှ သိလိုသည်များကို မေးမြန်းရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဖြေကြားသည်။
“မယ်စဲ့မြို့နယ်မှာ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးတဲ့လုပ်ငန်းကို နှစ်ကြိမ်ဆောင်ရွက်သွားမှာဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ကူးစက်ပျံ့နှံ့လျက်ရှိတဲ့ အသွင်ပြောင်းပိုလီယိုပိုးကို အမြန်ဆုံးရပ်တန့်နိုင်စေဖို့၊ ကလေးငယ်တစ်ဦးပါမကျန် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမှာပါ။ ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းပြီး မရရှိသေးတဲ့ ကလေးငယ်တွေကို ပိုလီယိုရောဂါမှ ကာကွယ်ပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံကို ပိုလီယိုကူးစက် နိုင်ချေရှိတဲ့ နိုင်ငံအဖြစ်မှ သတ်မှတ်ခြင်းမခံရစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ မယ်စဲ့မြို့နယ်မှာ ပထမအကြိမ်အနေနဲ့ သြဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ နိုင်ငံတစ်ဝန်းလုံး ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးနှံတဲ့ လုပ်ငန်းတွေနဲ့အတူ ဆောင်ရွက်သွားမှာဖြစ်တယ်"ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက ပြောကြားသည်။
ဝတ်ရည်(ပြန်/ဆက်)


