ရန်ကုန် ၂၅ သြဂုတ်


မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း ရန်ကုန်တိုင်းဒေသကြီးရှိ သက်ကြီးတိုင်းရင်းဆေး သမားတော်ကြီးများအား စုပေါင်းကန်တော့ပွဲကို သြဂုတ် ၂၅ ရက် နံနက် ၈ နာရီက တောင်ဥက္ကလာပမြို့နယ် ဥက္ကလာပစေတီတော်မြတ်ကြီးဝင်းရှိ မဟာမုနိဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ သမားတော်ကြီး ဦးကြည်မောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ သမားတော်ကြီး ဦးသန်းညွန့်က အမှာစကားပြောကြားသည်။ ထို့နောက် ကန်တော့ခံ တိုင်းရင်းဆေးဆရာကြီး/ ဆရာမကြီးများအား ပူဇော်ပစ္စည်းနှင့် ဝတ္တုငွေများပေးအပ်ကာ စုပေါင်းကန်တော့ခဲ့ကြသည်။ 

 

္တနတ


တိုင်းရင်းဆေး သမားတော်ကြီးများအား စုပေါင်းကန်တော့ရာတွင် တိုင်းဒေသကြီးအတွင်းရှိ အသက် (၇၀)နှစ်နှင့်အထက် သမားတော်ကြီး ၁၀ဝ ကျော်အား ကန်တော့ခဲ့ကြပြီး ကန်တော့ပွဲသို့ ဗဟိုဥက္ကဋ္ဌကြီးများ၊ တိုင်းဦးစီးမှူးများ၊ ကောင်စီဝင်ဆရာကြီး/ ဆရာမကြီးများ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လုပ်ငန်ရှင်များ၊ အသင်းဝင်ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြသည်။


မြန်မာနိုင်ငံ တိုင်းရင်ဆေးဆရာအသင်း ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အသင်းရုံးဖြစ်မြောက်ရေး၊ ပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာမှုစောင့်ရှောက်နိုင်ရေး၊ သဘာဝဘေးဒဏ်သင့်ပြည်သူများအား ကူညီစောင့်ရှောက်ရေး၊ တိုင်းရင်းဆေးပညာ ပြန့်ပွားရေးနှင့် ပညာပေးဟောပြောမှုများ ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းဆေးဆရာများ စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်လုပ်ဆောင်နေကြောင်းလည်း သိရသည်။


ဆက်လက်၍ သက်ကြီးတိုင်းရင်းသမားတော်ကြီးများအား စုပေါင်းကန်တော့ပွဲအပြင် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း ရန်ကုန်တိုင်းဒေသကြီး၏ ဧကာဒဿအကြိမ်မြောက်အဖြစ် ဝါဆိုသင်္ကန်းကပ်လှူခဲ့ကြကြောင်း သိရသည်။


မောင်ယဉ်ဦး(ဒလ)